Friday, March 23, 2012

တစ်ဒေါ်လာ ၈၂၀ ကျပ်နှုန်း တရားဝင် သတ်မှတ်မည်


ယခင်က မြန်မာအစိုးရ သတ်မှတ်ထားသည့် တရားဝင်ပေါက်ဈေးမှာ အမေရိကန် ၁ ဒေါ်လာလျှင် ၆ ကျပ်သာ ဖြစ်သည်။ သို့သော် အပြင်ဈေးကွက် (အစိုးရမဟုတ်သောဈေးကွက်)မှာတော့ ၁ ဒေါ်လာလျှင် ၈၀၀ ဝန်းကျင် ဈေးပေါက်ပါသည်။ ၂၀၁၂-၂၀၁၃ မှာတော့ ၈၀၀ ကျပ်နှင့် တွက်သည်ဟု လွှတ်တော်မှာ ပြောသည်။ ဤဈေးကြောင့် ထူးထူးခြားခြား ပြောင်းလဲရန် အကြောင်းမရှိဟု ပညာရှင်များက သုံးသပ်ကြသည်။ ဤငွေလဲနှုန်း ပြုပြင်လိုက်၍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု များစွာဝင်လာမည်ဟု တွက်၍မရနိုင်ဟုလည်း ဆိုသည်။ မြန်မာပြည်တွင် လျှပ်စစ်ဓါတ်အား၊ တယ်လီဖုန်း၊ ဆက်သွယ်ရေးနှင့် တခြားအခြေခံ အဆောက်အအုံများ လိုအပ်နေသေးသည်။ ထို့နောက် ပြည်ပရင်းနှီးမြှုပ်နှံမည့်သူများ စိတ်ချယုံကြည်လောက်သည့် ဥပဒေလည်း လိုသေးသည်။ လောလောဆယ်မှာ နိုင်ငံခြားရင်းနှီးမှု ဥပဒေများ ပြဋ္ဌာန်းမှုများ လုပ်နေကြောင်း သိရသည်။ မြန်မာနိုင်ငံ၏ ဘဏ်ဝန်ဆောင်မှု လုပ်ငန်းများက အဆင့်နိမ့်နေသေးကြောင်း ပြောဆိုကြသည်။ ဘဏ်လုပ်ငန်းများ အရည်အချင်း တိုးတက်လာမှ နိုင်ငံတကာဘဏ်လုပ်ငန်းများ ဝင်လာမည်ဖြစ်သည်။ ယခုကဲ့သို့ ငွေလဲနှုန်းကို ပြောင်းလဲသတ်မှတ်သည့်အပြင် စီမံခန့်ခွဲမှုလည်း လိုအပ်နေသေးသည်။ ဤပြောင်းလဲမှုကို တည်တံ့အောင်လုပ်ရန်လည်း လိုသည်။ ဘဏ်ဥပဒေများကိုလည်း ပြင်ရမည်ဖြစ်သည်။ နိုင်ငံခြားသုံးငွေဆိုင်ရာ ဥပဒေကိုလည်း ပြင်ရဦးမည်ဖြစ်သည်။ ဗဟိုဘဏ် ဧပြီလမှ စတင်၍ ဈေးကွက်ပေါက်ဈေးအတိုင်း နှုန်းရှင်စနစ်ဖြင့် ငွေလဲနှုန်းကို ကျင့်သုံးရန် ပြင်ဆင်နေကြောင်း သိရသည်။ တစ်ဒေါ်လာလျှင် ၈၂၀ ကျပ်နှုန်းမှာ လာမည့် ရက်သတ္တပတ်အတွင်း ဖြစ်လာဖွယ်ရှိကြောင်း သိရသည်။ အဓိကကမူ ရင်းနှီးမြှုပ်နှံရန်လာသည့် စီးပွားရေးလုပ်ငန်းရှင်များမှ ဝင်ငွေများသည် တိုင်းပြည်အတွက် လူထုအတွက် အမှန်တကယ် အကျိုးရှိ၊ မရှိနှင့် ၄င်းငွေများ ပြည်သူလူထု ခံစားရမှသာ တိုင်းပြည်အကျိုးရှိမည် ဖြစ်ကြောင်းသိရှိရသည်။
 Myanmar Expressမှကူးယူဖော်ပြသည်...။

No comments:

Post a Comment