Tuesday, February 7, 2012

ဝန်ထမ်းများ၏ လစာ တိုးမြှင့်ရေးအတွက် သူရဦးရွှေမန်းအဆိုတင်သွင်..


ယနေ့ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း အဆို တင်သွင်း၍ ပြည်ထောင်စုလွှတ်တော်မှ အတည်ပြု
(၁) ကိုယ့်ဂုဏ်၊ ကိုယ့်သိက္ခာနှင့်အညီ နေထိုင်စားသောက်နိုင်ဖို့နှင့် သန့်ရှင်းသော အစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်ရေး အမှန်တကယ် ဖြစ်လာဖို့နှင့် နိုင်ငံသားများ၊ ဝန်ထမ်းများ၏ လုပ်ခ၊ လစာစရိတ်နှင့် ချီးမြှင့်ငွေများကို လာမည့် ဘတ်ဂျက်နှစ်အစတွင် မဖြစ်မနေ တိုးမြှင့်ပေးရေး
(၂) ပြည်သူ့ဘဏ္ဍာငွေများကို အမှန် အသုံးပြု၍ အမှန်တကယ် လက်တွေ့ကျကျ နိုင်ငံ့အကျိုး ပြည်သူလူထု အကျိုးဖြစ်ထွန်းစေမည့် စီမံကိန်းများကိုသာ ဥပဒေပြုပေးရေးနှင့် ထိုသို့မဟုတ်သော စီမံကိန်းများကို ငြင်းပယ်ခြင်း၊ ဆိုင်းငံ့ခြင်း၊ လျှော့၍ ခွင့်ပြုခြင်းများ ဆောင်ရွက်ရေး
(၃) နိုင်ငံသားများ၏ လက်ငင်း၊ ရေတိုနှင့် ရေရှည် အကျိုးဖြစ်ထွန်းစေသော ထာဝစဉ် ရှင်သန်စေမည့် အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း သို့မဟုတ် လူသား အရင်းအမြစ်များ ဖွံ့ဖြိုးရေး စီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံမှုများကို တင်ပြဆောက်ရွက်ပေးဖို့ သက်ဆိုင်ရာသို့ တိုက်တွန်းပေးရေး
(၄) တာဝန်အရ ဥပဒေနှင့်အညီ ဆောင်ရွက်နေကြသူများ အဖွဲ့အစည်းများအား နားလည် လက်ခံပြီး လေးစား ချစ်ကြည်စွာဖြင့် အပြန်အလှန် ပူးပေါင်းဆောင်ရွက်ပေးရေး။
(၅) နိုင်ငံနှင့် နိုင်ငံသားများ၏ အကျိုးစီးပွားအား တားဆီးပိတ်ပင်သော၊ ပျက်စီးယုတ်လျော့ စေသော ပြည်တွင်းပြည်ပမှ မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်း ကိုမဆို ဆန့်ကျင်သွားရေး။
(၆) တည်ဆဲ ဥပဒေများကို အဖွဲ့အစည်းများ အနေဖြင့် လည်းကောင်း၊ ပြည်သူများထဲမှ ပြည်သူတစ်ဦး အနေဖြင့် လည်းကောင်း ပြည်သူတစ်ရပ်လုံးနှင့် အတူ ရိုသေလေးစား လိုက်နာကြရေး။


From :
Yangon Press International

ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ၀န်ထမ်းများ၏ လစာကို လာမည့် ဘဏ္ဍာနှစ်တွင် မဖြစ်မနေတိုးမြှင့်ပေးရေးနှင့် ပြည်သူအတွက် အကျိုးမရှိသော စီမံကိန်းများတွင် ပြည်သူ့ ဘဏ္ဍာငွေ အသုံးပြုခြင်းများကို ငြင်းပယ်ခြင်း၊ ဆိုင်းငံ့ခြင်း၊ လျှော့ချ၍ခွင့်ပြုခြင်းများ ဆောင်ရွက်ရေးအတွက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက အဆိုတင်သွင်းခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များကပြောသည်။ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သည့် ဦးဖုန်းမြင့်အောင်က “ဦးရွှေမန်းပြောတာတွေက ကောင်းပါတယ်။ အချို့စီမံကိန်းတွေက ပြည်သူတွေအတွက်အကျိုးမရှိဘဲ စီမံကိန်းဖော်ဆောင်နေတဲ့သူတွေအတွက်ပဲ အကျိုးရှိနေတာတွေရှိတယ်။ သူပြောတာတွေကို လူကြိုက်များကြတယ် ” ဟု ပြောကြားသည်။
သူရဦးရွှေမန်း၏ အဆိုပြုချက်များကို ရုပ်မြင်သံကြားတွင် ပြန်လည်ပြသရန် အဆိုတင်သွင်းခဲ့သည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းစေးဟွား ကလည်း ယနေ့ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဆွေးနွေးချက်များသည် ပြည်သူ့အကျိုးအတွက် ဦးတည်ဆွေးနွေးခြင်းဖြစ်ကြောင်း၊ ပြည်သူအားလည်း အလုံးစုံ ကြားစေချင်ကြောင်း ထို့ကြောင့် မိမိအနေဖြင့် ရုပ်မြင်သံကြားတွင် တည်းဖြတ်ခြင်းမပြုဘဲ ပြန်လည်ပြသပေးရန် အဆိုတင်သွင်းရခြင်းဖြစ်ကြောင်း ပြောကြားသည်။
၎င်းကဆက်လက်၍ “ သူပြောတာတွေကို လွှတ်တော်ကိုယ်စားလှယ်တွေလည်းကြိုက်ကြတယ်။ ဒီနေ့အကယ်ဒမီကို ရုပ်ရှင်မင်းသားရမလဲမသိပေမယ့် ပြည်ထောင်စုလွှတ်တော်ရဲ့ အကယ်ဒမီကိုတော့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးရသွားတယ်ဆိုပြီး ပြည်ထောင်စုလွှတ်တော် မှာပြောနေကြတယ် ” ဟု ဆိုသည်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်ကလည်း “ မဲဆွယ်တယ်ဆိုတာ ၂၀၁၅ မှ ဆွယ်လို့ရတာမဟုတ်ပါဘူး၊ သူက အခုကတည်းက အလုပ်တကယ် လုပ်ပြပြီးမဲဆွယ်တဲ့ပုံစံပါ၊ မှန်ကန်တဲ့နည်းလမ်းနဲ့ မဲဆွယ်နေတယ်လို့ထင်ပါတယ်” ဟု ပြောကြားသည်။
စီးပွားရေးပညာရှင် အငြိမ်းစား ပါမောက္ခ ဦးမော်သန်းကလည်း နိုင်ငံပိုင်ငွေကြေးများကို ထိရောက်စွာအသုံး မပြုနိုင်ခြင်းကြောင့်ဘတ်ဂျတ်လိုငွေပြမှု များပြားလာသည့်အခါ တိုင်းပြည်၏ အနာဂတ်အတွက် အန္တရာယ်ရှိကြောင်း၊ လက်ရှိတွင်လည်း ထိရောက်စွာလုပ်ကိုင်နိုင်ခြင်းမရှိသဖြင့် အရှုံးပေါ်နေသော နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများနှင့် စီမံကိန်းများစွာရှိကြောင်း ပြောကြားသည်။
၎င်းက “ ဥပမာဗျာ မီးရထားလမ်းကို လူမရှိတဲ့တောထဲသွားဖောက်တယ်။ တစ်နေကုန်သုံးမယ့်သူမရှိဘူး။ ကားလမ်းကို တောထဲသွားဖောက်တယ် သုံးတဲ့သူနည်းတယ်။ ဒါမျိုးတွေကလည်း အရှုံးပေါ်နေတဲ့ စီမံကိန်းတွေလို့ပြောလို့ရတယ်။ ” ဟု ပြောကြားသည်။
၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွက် ဘတ်ဂျတ်လိုငွေပြမှုမှာ ကျပ်ငွေဘီလီယံပေါင်း ၂၃၀၀ ကျော်ရှိကြောင်း ပြည်ထောင်စုလွှတ်တော်တွင်တင်ပြသည့် ရသုံးမှန်းချေစာရင်းတွင် ပါရှိသည်။
၁၉၈၉ ခုနှစ် မှ ယနေ့အထိ ၀န်ထမ်းလစာ ၅ ကြိမ်တိုးမြှင့်ပေးခဲ့ရာ နောက်ဆုံး တိုးမြှင့်ပေးသည့်အကြိမ်မှာ ၂၀၁၀ ခုနှစ် ဇန်န၀ါရီလတွင်ဖြစ်သည်။ ။

                                                                               Myanmar Express မှကူးယူဖော်ပြသည်။

No comments:

Post a Comment