Showing posts with label ဆောင်းပါးများ. Show all posts
Showing posts with label ဆောင်းပါးများ. Show all posts

Friday, March 23, 2012

တော်ပါပြီ ဒေါင်းရယ်


ဟိုးတုန်းကတော့ ဒေါင်းပျိုပေါ့.. ဒီလောက် နှစ်တွေကြာမှတော့ ဒေါင်းအိုတွေ ဖြစ်ကုန်ပါပြီ.. အမွှေးတွေ အတောင်တွေ လည်း မစုံတော့ဘူး..။ တုန်တုန်ရင်ရင် လှုပ်စိလှုပ်စိ၊ မပျက်မသားနဲ့..။ အမွေဆက်ခံတဲ့ ဒေါင်းတွေကော မရှိဘူးလား မဟုတ်ပါဘူး.. ရှိပါတယ်။ ဒါပေမယ့် ဒေါင်းသွေးစစ်စစ် မဟုတ်တော့ပါဘူး.. ပက်ဝန်းကျင်က လင်းတ သွေးတွေ ရောကုန်ကြပါပြီ.. ဒီတော့ ဒေါင်းပေါက်လေးတွေက ဒေါင်းတစ်ပိုင်း၊ လင်းတ တပိုင်း ဖြစ်လို့..။ ဒေါင်းအိုတွေနဲ့ ဒေါင်းတပိုင်း လင်းတ တပိုင်း ပေါက်စတွေနဲ့ကလည်း မကြာခဏ ရန်ဖြစ်.. အဲ့ဒီ မျိုးမစစ်ဒေါင်းတွေနဲ့ ဒေါင်းအိုတွေကြားမှာ မြန်မာနိုင်ငံကြီးလည်း စိတ်ဓာတ်ရေးရာတွေ များစွာ ပျက်စီး ယိုယွင်းနေပါပြီ..။ နိုင်ငံကောင်းအောင် တစ်ခုမှလည်း မလုပ်တဲ့အပြင်၊ ကန့်လန့် တိုက်နေတာတွေ ရပ်သင့်ပြီ..။ ဘာမသိ ညာမသိ လူငယ်၊ လူကြီး ရဟန်းတွေလည်း အနီးမှာရှိတဲ့ မျိုးမစစ်ဒေါင်းလင်းတ တွေကြောင့် မိုက်ရူးရဲတွေလုပ်ခဲ့ကြလို့ သွေးမြေကြရတာလည်း အကြိမ်ကြိမ်ပါပဲ။ အဝေးက မျိုးမစစ် ဒေါင်းလင်းတ များကလည်း ဒေါင်းပုံလေးပြပြီး တောရေး၊ တောင်ရေး (တောကူး၊ တောင်ကူး ဆိုရင် ပိုမှန်ပါလိမ့်မယ်၊ ကိုယ်ပိုင် နိုင်ငံရေးအသိ၊ နိုင်ငံရေးလေ့လာမှုနဲ့ ရေးတာ တစ်ခုမှမရှိပါဘူး) တွေကြောင့်.. ပြည်ပရောက် လူငယ်တွေလည်း လင်းတစိတ်တွေဝင်ကုန်ကြပြီး အားရင် မြန်မာနိုင်ငံကြီးကို ထိုးဆိတ်ချင်နေကြပါတော့တယ်။ ကိုယ်တိုင်မထိုးဆိတ်နိုင်ရင်တောင် လင်းတကြီးများကို အားကိုပြီး ထိုးဆိတ်ခိုင်းနေကြတော့ ရှေ့ကိုမရောက်တော့ဘူး။ ဒေါင်းခေတ်လည်း ကုန်တာကြာပါပြီ.. ဒေါင်းအိုတွေလည်း ဖင်ပြောင်နေပါပြီ..။ ဒေါင်းပြပြီး ဒေါ်လာတောင်းနေတဲ့ ဘလော့တွေလည်း ရှက်သင့်ပါပြီ.......။

Sunday, March 11, 2012

နိုင်ငံရေးကို နှာခေါင်းရှုံ့ခဲ့တဲ့ ရေပေါ်စီလူတန်းစားတွေ

“မြန်မာ လူမျိုးများရဲ့ နိုင်ငံရေး အသိအမြင် ဗဟုသုတက နိမ့်ကျနေသေး လေတော့ ဒီမိုကရေစီ စနစ် အောင်မြင်ပါ့မလား” အသက်နှစ်ဆယ်၊ အစိတ်ဝန်းကျင် လူငယ်တွေနဲ့ စကားပြောကြတိုင်း ဒီမေးခွန်း တစ်ခုကို မေးမြဲဖြစ်တယ်။ သူတို့ စိတ်ထဲမှာ အနောက် နိုင်ငံကြီးတွေလို ဖွံ့ဖြိုး တိုးတက်နေတဲ့ နိုင်ငံကြီးတွေမှ ဒီမိုကရေစီ အောင်မြင်နိုင်တယ်လို့ ထင်မှတ် နေကြဟန် ရှိပါတယ်။ တချို့ကျတော့လည်း နိုင်ငံရေးဆိုတာ နှာခေါင်း ရှုံစရာလို့ ယူဆပြီး တစ်သက်လုံး ဝေးဝေးရှောင်ခဲ့တဲ့ ရေပေါ်ဆီ လူတန်းစား “အီလစ်”(elite) တွေ ပြောတဲ့ စကားသံတွေ ကြားပြီး “နဝေတိမ်တောင်” ဖြစ်နေကြပုံ ရပါတယ်။


အပေါ်ယံမှာ ဝေ့ကာဝဲကာ
ရေပေါ်ဆီ လူတန်းစား ဆိုတာက အများအားဖြင့် ခေတ်တိုင်း ခေတ်တိုင်းမှာ ရေပေါ်ဆီလို အပေါ်ယံမှာချည်း ဝေ့နေလေ့ရှိလို့ ရေပေါ်ဆီ လူတန်းစားလို့ ခေါ်တာဖြစ်တယ်။ သူတို့က မြို့ကြီးသားတွေ ဖြစ်တော့ လည်လည်ပတ်ပတ် ရှိကြတယ်။ ဘယ်သူ တန်ခိုးရှိသလဲဆိုတာ ကောင်းကောင်းသိပြီး တန်ခိုးရှိသူတိုင်းနဲ့ တည့်အောင်ပေါင်း အမြတ်ထုတ်တတ်ကြတယ်။ ပေါင်းနေတဲ့ သူ တန်ခိုးအရောင် မှိန်သွားရင် ချက်ချင်းစွန့်ခွာပြီး အရောင်တောက်သူကို ပြေးကပ်လေ့ ရှိတယ်။ ရာသီဥတုကို လိုက်ပြီး အရောင် ပြောင်းတတ်တဲ့ လူစားမျိုးတွေ ဖြစ်ကြတယ်။ ခေတ်တိုင်း ခေတ်တိုင်း အပေါ်ယံလွှာမှာချည်း ဝေ့ကာဝဲကာ နေကြ လေတော့ လူတွေကို အမြဲတမ်း ငုံကြည့်လေ့ရှိတယ်။ တန်ခိုးရောင် ပြိုးပြိုးပြက်ပြက် လက်တဲ့သူ မဟုတ်ရင် ဘယ်သူ့ကိုမှ အထင်ကြီးတာ မဟုတ်ဘူး။ဒီတော့ လူတွေကြား ဘယ်တော့မှ မနေဘူး။ လူတွေ အကြောင်းလည်း ဘာမှမသိဘူး။ လူတွေ အကြောင်း မသိတော့ တိုင်းပြည် နိုင်ငံအကြောင်းလည်း ဘာမှ မသိပါဘူး။ စင်ကာပူ နိုင်ငံကြီး တိုးတက်ပုံတွေ၊ နယူးယောက် မြို့တော်ကြီး စည်ကားပုံတွေ အကြောင်း အများကြီး ပြောနိုင်ပေမယ့်၊ လယ်ဆိုတာ ဘာလဲ၊ ယာဆိုတာ ဘာလဲ၊ ကိုင်းဆိုတာ ဘာလဲလို့ မေးရင်တောင် မှန်အောင် ဖြေနိုင်တာ မဟုတ်ပါဘူး။

ဆယ်ဆသာတယ်
ဒီလို လူတွေဟာ တိုင်းရေးပြည်ရေး နိုင်ငံရေးဆိုတာ သူတို့လို ရေပေါ်ဆီတွေနဲ့ပဲ ဆိုင်တယ်။ လက်လုပ်လက်စား လူသာမန် တွေနဲ့ လားလားမှ ထိုက်တန်တာ မဟုတ်ဘူး။ ဒီမိုကရေစီရဲ့ အနှစ်သာရဆိုတာ ပညာတတ် ရေပေါ်ဆီတွေသာ သဘောပေါက် နားလည်နိုင်တာမျိုး ဖြစ်တယ်၊ ဆင်းရဲလို့ ပညာကောင်းကောင်း မသင်နိုင်တဲ့ သူတွေရဲ့ နိုင်ငံရေး အသိပညာ ရေချိန်ဟာ အင်မတန် နိမ့်တယ်။ ဒီလူတွေနဲ့ ဒီမိုကရေစီ တည်ဆောက်လို့ မရသေးဘူးလို့ ကျယ်ကျယ်လောင်လောင် ပြောလေ့ ရှိကြတယ်။ ဒီစကားတွေ ကြားပါများတော့ လူငယ်တွေက နားယောင်ပြီး ဟုတ်နိုးနိုး ထင်နေရှာကြတာ ဖြစ်တယ်။ အဲဒါကြောင့် မြန်မာလူမျိုးဟာ တခြား နိုင်ငံကြီးသားတွေလောက် နိုင်ငံရေး အသိမမြင့်ဘူး ဆိုတောင်မှ နိုင်ငံရေးဆိုတာ နှာခေါင်းရှုံ့စရာ သဘောထားပြီး ဘယ်တုန်းကမှ နိုင်ငံရေးကိစ္စ တွေမှာ မပါဝင်ခဲ့ဖူးတဲ့ ရေပေါ်ဆီ လူတွေထက်တော့ ဆယ်ပြန် ဆယ်ဆမက နိုင်ငံရေးအသိ မြင့်မားတယ်လို့ ရှင်းပြလိုက်ရ ပါတယ်။

လိမ်မှန်းညာမှန်းမသိတဲ့ လူမျိုး
မြန်မာလူမျိုးဟာ တခြား နေရာများမှာ ညံ့ချင်ညံ့မယ်။ နိုင်ငံရေး အသိမှာတော့ ထိပ်တန်းက ရှိနေတဲ့ လူမျိုးဖြစ်တယ်။ နယ်ချဲ့ အစိုးရက ၉၁ဌာန အုပ်ချုပ်ရေးတို့၊ ဒိုမီနီယံ အဆင့်ပေးမယ် တို့နဲ့ လှည့်စားခဲ့ပေမယ့် လိမ်တာကို လိမ်မှန်းသိ၊ ညာတာကို ညာမှန်းသိလို့ လုံးဝ လွတ်လပ်ရေးမှ တစ်ပါး ဘာမှ မလိုချင်ဘူးလို့ အပြတ် ပြောခဲ့တာပါ။ ပါးစပ်ပြောသာ မဟုတ်ဘူး။ လက်တွေ့မှာလည်း မရရတဲ့နည်းနဲ့ ယူမယ်ဆိုတာ အထင်အရှား ပြခဲ့တာပါ။ ဂျပန်ခေတ်မှာလည်း ဂျပန်ပေးတဲ့ လွတ်လပ်ရေး နဲ့တင် ကျေနပ် ရောင့်ရဲ မနေခဲ့ပါဘူး။ လိမ်တာကို လိမ်မှန်းသိလို့ တော်လှန်ရေးဆင်နွှဲ အောင်ပွဲခံခဲ့တာ ဖြစ်တယ်။ ရှေးလူကြီးတွေကသာ ပေးတာလေးယူပြီး ရောင့်ရဲနေလိုက်ကြရင် ဒီနေ့ လွတ်လပ်တဲ့ မြန်မာလူမျိုးရယ်လို့ ရှိလာမှာ မဟုတ် ပါဘူး။

ရန်/ငါပြတ်လို့
လွတ်လပ်ရေး အတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့ ဘိုးဘွားများကို ကျေးဇူးတင်စရာ ကောင်းလှပါတယ်။ သူတို့တစ်တွေ ရည်မှန်းချက် တိကျ ခိုင်မာပြီး၊ ရန်/ ငါ ပြတ်သား ခဲ့ကြလို့သာ လုံးဝ လွတ်လပ်ရေး ရခဲ့တာပါ။ ဒီကနေ့ အာဆီယံ နိုင်ငံတွေ ထဲမှာ ဝင့်ဝင့်ကြွားကြွား ဖြစ်နေတဲ့ မလေးရှား နိုင်ငံဆိုရင် ၁၉၅၇ ခုနှစ်ကျမှ လုံးဝ လွတ်လပ်တဲ့ နိုင်ငံတစ်ခုအဖြစ် ရောက်ရှိ လာခဲ့တာပါ။အဲဒါကြောင့် မြန်မာလူမျိုးများကို နိုင်ငံရေးအသိ နိမ့်ကျတယ် ဆိုတဲ့ စကားကို လုံးဝ လက်မခံပါဘူး။ မြန်မာပြည် က ရေပေါ်ဆီ လူတွေလောက်က ပြောတာသာ မဟုတ်ပါဘူး။ သူတို့ အထင်ကြီး ကိုးကွယ်တဲ့ အနောက် နိုင်ငံကြီးတွေက မြန်မာ့အရေး ကျွမ်းကျင်သူလို့ ကိုယ့်ဟာကိုယ် ကင်ပွန်းတပ်ထားတဲ့ “နိုင်ငံရေးဂုရု” ဆိုသူတွေ ပြောတာလည်း လက်မခံ ပါဘူး။ မြန်မာပြည်မှာ နေပြီး နယ်ချဲ့ဒဏ်၊ ဖက်ဆစ်ဒဏ်၊ ပြည်တွင်း စစ်ဒဏ်တွေကို ကျောကော့အောင် ခံခဲ့ရတဲ့ မြန်မာလူမျိုး တွေလောက် မြန်မာ့ နိုင်ငံရေးကို နားလည်တဲ့လူ ဘယ်မှာမှ မရှိနိုင်ပါဘူး။

မျက်နှာပြောင်သူတွေ
မျက်ကန်း မျိုးချစ်စိတ်နဲ့ ဒီလိုပြောတာ မဟုတ်ပါဘူး။ အဲဒီ ကိုယ့်ဟာကိုယ်ခန့်တဲ့ “ဂုရု”တွေ ရေးတဲ့ စာအုပ်တွေ အများကြီး ဖတ်ထားဖူးလို့ ပြောတာပါ။ ဆင်စွယ် ရဲတိုက်ကြီးတွေ ထဲက စာအုပ်တွေမှာ လှန်လှောရှာဖွေပြီး သူများတကာ ရေးထားတဲ့ သီအိုရီတွေနဲ့ ချိန်ညှိပြီး ရေးသား ထားတာမျိုး တွေသာ များပါတယ်။ နိုင်ငံရေး ဆိုတာ သိပ္ပံပညာရပ် တစ်ခု ဖြစ်ပေမယ့်လို့ ဂျီသြမေကြီ တွက်သလို၊ သင်္ချာတွက်သလို၊ တွက်လို့ဖြစ်တာ မဟုတ်ပါဘူး။ နိုင်ငံရေး ဆိုတာ လူတွေနဲ့ တိုက်ရိုက် ပတ်သက် နေတာ ဖြစ်လို့ လူတွေရဲ့ ဘဝ၊ လူတွေရဲ့ ခံစားချက်ကို အလေးထားပြီး စဉ်းစားဖို့ လိုအပ်ပါတယ်။ လူတွေ ကြားမဝင်ဖူးတဲ့ ရေပေါ်ဆီ “အီလစ်”တွေနဲ့ နိုင်ငံခြားသား “ဂုရု”တွေက မြန်မာလူမျိုးတွေရဲ့ ဘဝ၊ မြန်မာလူမျိုးတွေရဲ့ ခံစားချက်ကို မြန်မာတွေထက် ပိုသိတယ်လို့ ပြောရင်တော့ တော်တော် မျက်နှာပြောင်တဲ့ လူတွေပဲလို့သာ ကောက်ချက်ချလိုက်ရတော့မှာ ဖြစ်ပါတယ်။


လူထုစိန်ဝင်း

Saturday, March 10, 2012

ပြောလည်းပြောချင်စရာပါလား.....အမေ

ပြောလည်းပြောချင်စရာပါလား.....အမေရေ......ဘယ်လို ယုံကြည်မှုနဲ့  နိုင်ငံတော်အာဏာကိုလွဲပေးနိုင်ပါ့မလဲ?
အရင်ဆုံး အမေ့ သားတွေကို စည်းကမ်းရှိအောင် အရင်သင်ပေးလိုက်ပါအုန်းဗျာ...ပြည်သူတွေကို ချစ်တယ်
ပြည်သူတွေကိုအလေးထားတယ်ဆိုအခုတော့ အမေ တို့ အဖွဲကသက်သေတွေပြနေကြပြီပေါ့ ....အမေချစ်တယ်ဆိုတာ ဘာလဲ? မိုက်လေးတစ်လုံးနဲ့ စင်မြင်ပေါ်တက်ပြောရတဲ့ အချိန်ကလေးပဲလားအမေ.....လူဆိုတဲ့ အမျိုးကလည်း အာဏာမှာရစ်မှုးပျော်ပါးတတ်တယ်ဆိုတဲ့ စကားက အမေ အတွက်ရောမှန်နေပြီလား........? ကို့ ကိုချစ်တဲ့ ပြည်သူတွေကို ကိုကဆိုဆုံးမရင်ရနိုင်ပါတယ်အမေ အမေ့ အနေနဲ့ စည်းကမ်းရှိကြပါ....လိုက်နာကြပါ လို့  တခွန်းတလေမပြောပဲ အမေဘာစကားတွေကို မြိန်ရှည်ရှက်ရေ နဲ့ အမေပြောနေပါသလဲ..? အမေ အကြီးကြီးတွေမပြောပါနဲ့ အုန်း အခုအမေလုပ်နိုင်တဲ့  အမေ့ကိုချစ်တဲ့  အမေ့ပြည်သူတွေကို အမေစည်းကမ်းရှိအောင်လုပ်ပေးလိုက်ပါအုန်း အမေစွမ်းနိုင်မယ်ဆိုပေါ့။
ပြည်သူတွေဆိုတာ ကို့ ရဲ့ သားသမီးတွေပါလို့ အမေပြောဖူးတယ်နော် အလိုလိုက်တဲ့ သား တနေ့ အမေ့ ကိုဒုက္ခပေးမှာမဆိုးရိမ်ဘူးလား.....အမေလိုချင်ပါတယ်ဆိုတဲ့  စစ်မှန်တဲ့ ဒီမိုကရေစီ....ကျွန်တော့်တော့ ရင်လေးမိပါတယ်အမေ... အပ်ကြောင်းထပ်နေတဲ့ အမေ မိန့် ခွန်းတွေနဲ့  အမေလေ....အခုချိန်ထိ ကျွန်တော့်တို့ အပေါ်ဘာလုပ်ပေးခဲ့ သေးလို့ လဲ.....အမေကတော့ပြောမှာပေါ့ ငါ့မှာလုပ်ပိုင်ခွင့်မှ မရှိတာတဲ့ ..
ဒါဆိုရင်တော့အမေ ကအခွင့်အရေးသမားကြီးပေါ့....လူတော်တွေဆိုတာ...အခွင့်အရေးကိုစောင့်မျော်ပြီး.....ကံကိုသာရိုးမယ်ဖွဲ့ မယ်ဆိုရင်တော့
အခုချိန်ထိ ကမ္ဘာမှာ လူချွန်လူကောင်းတွေရှိလာနိုင်မှာမဟုတ်ဘူးဗျာ.....။ ကျွန်တော်ဂုဏ်ယူချင်တယ် အမေ....အမေ့ရဲ့  အစွမ်းကြောင့်ရတာပဲလိုချင်ပါတယ်....ဒါပေမယ့် အမေက လက်ညှိုးထိုးပြချင်လောက်အောင် စံနမှုနာထားချင်လောက်အောင် ကောင်းကွက်တွေရှာနေတာ ကျွန်တော် အခုချိန်ထိ မတွေ့ သေးပါလား အမေ.....အခု အမေ့နောက်ကိုလိုက်နေကြတဲ့ အမေ့ ကိုချစ်ပါတယ်ဆိုတဲ့ အမေ့ သား၊သမီးတွေက မတူကွဲပြား ထင်မြင်ချက်လက်တစ်ဆုတ်နဲ့ အရင်အစိုးရကို မကြိုက်လို့ ဆိုတဲ့ အတွေးလေးနဲ့ အမေ့ နောက်ကို ဘုမသိဘမသိနဲ့ လိုက်နေကြတာ.....မသိရင်အမေရယ်....ကုလားဘုရားပွဲလှည့်နေသလိုပဲ......အမေ့ သားတွေကပြောကြသေးတယ်အမေ....
ငါကNLDကဆိုပြီး...လမ်းပြောင်းပြန်ယာဉ်တွေမောင်းလို့ အမေကဒါတွေကိုများ ခွင့်ပြုထားသလားအမေ ။အမေ စဉ်းစားကြည့်ပါ ရပ်ကြည့်နေတဲ့ သူတယောက်အနေနဲ့  အမေ ကိုယုံကြည်ချင်ပေမယ့် ယုံကြည်လို့ မရဘူး အစကတည်းက မြန်မာနိုင်ငံကိုကယ်တင်ပါမယ်ဆိုတဲ့ ရည်ရွယ်ချက်အမေ့မှာရှိခဲ့ လို့ လား.....အမျိုးကိုမချစ်လို့ တောင်အမေကတိုင်းတပါးသားနဲ့ တောင်ယူခဲ့ သေးတာပဲအမေ....အမေ့သမီးတွေကိုအမေ ဘယ်လို သွန်သင်ဆုံးမကြမလဲ....အမေ ။အမေ့ အစားရင်မောမိပါတယ်...“ ငါ့လိုပဲ တိုင်းတပါးသားယူ ကောင်းတယ်”လို့ အမေထောပနာတွေပြုနေမလား......ဟူး......ရင်မောမိပါတယ်အမေ......ကိုယ်ချင်းစာတရားမရှိ စာနာစိတ်မရှိတဲ့ အမေ့ တို့ လိုအဖွဲ့ အစည်းမျိုးတော့.....နိုင်ငံတော်ကြီးကိုပုံအပ်မယ့်အရေး စဉ်းစားဖို့ တော့လိုနေပြီအမေ............။

Friday, March 9, 2012

စိတ်မပျက်နဲ့ အားတင်းပါ

မတွေ့တာ ဆယ့်လေးငါးနှစ်လောက် ကြာပြီဖြစ်တဲ့ မိတ်ဟောင်း၊ ဆွေဟောင်းတစ်ယောက် လာလည်ပါ တယ်။ သူက ရာထူးကြီးတစ်ခုကနေ ပင်စင်ယူပြီးတဲ့နောက် အနားမယူဘဲ ကုမ္ပဏီတစ်ခုတည်ထောင်ပြီး စီးပွားရေးလုပ်နေတာကြောင့် မတွေ့ဖြစ်ကြတော့တာပါ။ အခုမှ အသက်ကလည်း ၇ဝ ကောင်းကောင်းကြီး ကျော်နေပြီဖြစ်တာကြောင့် သားသမီးတွေလက်ထဲ အားလုံးလွှဲပြီး လုံးလုံးကြီး အနားယူလိုက်တာလို့ ပြောပါ တယ်။

အအိုမြန်လိုက်တာ ‘ကျုပ်တို့ သက်တမ်းကလူတွေ တယ် မတွေ့ရတော့ဘူးဗျ၊ ဆုံးသွားတဲ့လူနဲ့၊ ဘုန်းကြီးဝတ်သွားတဲ့လူနဲ့၊ ရိပ်သာမှာပဲ အမြဲနေတဲ့လူနဲ့ အားလုံးဆုံကြဖို့တော့ မလွယ် တော့ဘူး’
သူက မန္တလေးကိုလည်း ရောက်သေးတဲ့အကြောင်း၊ မိတ်ဆွေဟောင်းတချို့ကို သွားတွေ့ခဲ့တဲ့အကြောင်း ဆက်ပြောပြပါတယ်။ အတော်များများက စိတ်ရော လူပါကျပြီး လူအိုကြီးတွေဖြစ်ကုန်ကြပြီလို့လည်း ပြောပါ တယ်။
‘ကျုပ်တို့ဗမာတွေဟာ ပင်စင်ယူပြီးတာနဲ့ သေဖို့ပဲ စဉ်းစားနေကြလို့နဲ့တူပါရဲ့ဗျာ။ အအိုမြန်လိုက်ကြတာ’
သူက ညည်းသလိုလို စကားဆိုပါတယ်။ သူကတော့ အရွယ်တော်တော်တင်ပါတယ်။ ဖျတ်ဖျတ်လတ်လတ်၊ သွက်သွက်လက်လက် ရှိဆဲပါပဲ။ မကြောင့်မကြ မတောင့်မတ နေနိုင်တာကြောင့်လား မဆိုနိုင်ဘူး။ ၇၆ နှစ် လို့ကို မထင်ရပါဘူး။ ၆ဝ လောက်လို့သာ ထင်ရပါတယ်။ အခုချိန်ထိ ပြည်တွင်းပြည်ပခရီးတွေ သွားနေဆဲပါ ပဲ။ သမီးရှိတဲ့အင်္ဂလန်က ပြန်ရောက်လာတာ တစ်လကျော်ကျော်သာ ရှိသေးတယ်လို့ လည်း သိရပါတယ်။

သူများတွေနဲ့ ကွာလိုက်တာ
သူပြန်သွားတဲ့အထိ ‘အအိုမြန်လိုက်ကြတာ’ ဆိုတဲ့ သူ့စကားကို ဆက်စဉ်းစားနေမိတယ်။ သူများနိုင်ငံက ၇ဝ ကျော် ပင်စင်စားကြီးတွေ စုဝေးပြီး ကမ္ဘာ့လှည့် လည်ပတ်ကြတာတွေ မြင်ရ၊ တွေ့ရတော့ တို့ဆီကနဲ့များ ကွာ လိုက်တာ’ လို့ မကြာမကြာ တွေးမိခဲ့ရတယ်။ ဒီမှာကတော့ မိတ်ဆွေပြောသလို ပင်စင်ယူပြီးတာနဲ့ သေဖို့ပဲ စဉ်းစားနေကြတယ်နဲ့တူပါရဲ့။ မိတ်ဆွေဖြစ်သူလို ပင်စင်ယူပြီး ကုမ္ပဏီမထောင်နိုင်ကြတာလည်း အဓိက အကြောင်းတစ်ရပ် ဖြစ်မယ်ထင်ပါတယ်။ ဘာကြောင့်ပဲဖြစ်ဖြစ် ပင်စင်ယူပြီးပြီဆိုတာနဲ့ လူရောစိတ်ပါ ကျ သွားကြတာတော့ အမှန်ပဲ။ ရပ်ရေး၊ ရွာရေး၊ လူမှုရေးကိစ္စတွေကို တက်တက်ကြွကြွ ပါဝင်လုပ်ဆောင်တတ် သူ တချို့ကလွဲရင် အများစုက အအိုမြန်ကြ၊ အသေမြန်ကြတာကို သတိပြုမိတယ်။
‘ဒုက္ခသုက္ခတွေ များလွန်းလို့ အသက်မရှည်ချင်ပါဘူး၊ မြန်မြန်သွားလေ ကောင်းလေပါပဲ’ လို့လည်း ပြော တတ်ကြပါတယ်။ လောကမှာ ဒုက္ခနဲ့ကင်းသူ ဘယ်သူရှိလို့လဲ။ တကယ်က ဒုက္ခက လူကိုသေစေတာ မဟုတ် ပါဘူး။ ဒုက္ခကိုကြောက်ပြီး စိတ်ကျလို့ အသေမြန်ရတာဖြစ်တယ်။

လူငယ်တွေလည်း စိတ်ကျတာပဲ
လူကြီးတွေသာ စိတ်ကျတတ်တာ မထင်နဲ့။ လူငယ်တွေလည်း စိတ်ကျတတ်ကြတာပဲ။ ကျောင်းဆရာ တစ် ယောက်အနေနဲ့ လူငယ်လူရွယ်လေးတွေနဲ့ အထိအတွေ့များလေတော့ ဒီခေတ်လူငယ်လေးတွေ တော် တော်များများဟာ အရွယ်နဲ့ မလိုက်အောင်ကို လောကကြီးကို အဆိုးမြင်ပြီး စိတ်ကျနေတတ်ကြတာကို သတိ ပြုမိပါတယ်။ သူတို့တစ်တွေမှာ လူငယ့်အားမာန်၊ လူငယ့်ဇွဲသတ္တိ အတော်လျော့နည်းကြတယ်။ ဘာမဆို မလုပ်ခင်က အရှုံးပေးစိတ် များနေကြတယ်။ ‘အားမတန် မာန်လျှော့’ ဆိုတဲ့စကား၊ ‘ခါချဉ်ကောင် မာန်ကြီးလို့ တောင်ကြီးဖြိုမယ်ကြံ၊ ခါးကမသန်’ ဆိုစကားမျိုးတွေ လွယ်လွယ်သုံးပြီး အရှုံးပေး၊ အညံ့ခံလိုက်တတ်ကြ တယ်။ အနိုင်မခံ အရှုံးမပေးစိတ်ဓာတ်မျိုး တစ်နေ့တခြား ခေါင်းပါးလာနေတယ်လို့ ထင်မိတယ်။ ထောက်ပြ ပြောဆိုလိုက်ရင်လည်း သူတို့မှာ အကြောင်းပြချက်တွေက တစ်ပုံတစ်ပင်ကြီး။ သူတို့က သူတို့နေထိုင်ရတဲ့ ခေတ်ကြီးတစ်ခုလုံးကို ကျေနပ်ကြတာ မဟုတ်ဘူး။ တချို့လူငယ်များဆိုရင် အဆိုးမြင်စိတ်တွေ လွန်ကဲပြီး ဘယ်လောက်ပဲ ကောင်းတာလုပ်လုပ် ဘာမှအရာရောက်မှာမဟုတ်ဘူး။ ဘာမှမလုပ်ဘဲနေလိုက်တာပဲ အေး တယ်ဆိုတဲ့ အတွေးအခေါ်မျိုးတွေတောင် ရှိနေကြတာတွေ့ရတယ်။
သူတို့က အီရတ်နိုင်ငံတစ်ခုလုံး သွေးချောင်းစီးဖြစ်နေတာကို မနှစ်မြို့သလို ပါလက်စတိုင်းလူမျိုးတွေ ရာစုနှစ် တစ်ဝက်တိုင်တိုင် ဒုက္ခသည်စခန်းတွေမှာ နေထိုင်ခြင်းပြုနေကြရတာကိုလည်း စိတ်မကောင်းကြပါဘူး။ နျူကလီးယားလက်နက်များရဲ့ အန္တရာယ် တစ်နေ့တခြား ကြီးမားသထက် ကြီးမားလာနေတာကို စိုးရိမ်နေကြ သလို ဖန်လုံအိမ်အာနိသင်လွန်ကဲမှုကြောင့် ကမ္ဘာကြီးတစ်ခုလုံး ပေါင်းအိုးကြီးထဲရောက်နေသလို ခံစားနေရ တာကိုလည်း မလိုလားကြပါဘူး။

အနိဋ္ဌာရုံကမ္ဘာကြီး
လူငယ်တွေရဲ့စိုးရိမ်ကြောင့်ကြမှုတွေနဲ့ သူတို့ရဲ့မကျေနပ်ချက်တွေဟာ သဘာဝကျပါတယ်။ မှန်လည်း မှန်ပါတယ်။ ဒီနေ့ ကမ္ဘာကြီးက အနိဋ္ဌာရုံတွေနဲ့ ပြည့်နှက်နေတဲ့ကမ္ဘာကြီးဖြစ်နေတာကိုး။ ကမ္ဘာကြီးရဲ့ ဘယ်ထောင့်ဘယ်နေရာကို ကြည့်လိုက်၊ကြည့်လိုက် တိုက်ခိုက်သတ်ဖြတ်တာတွေ၊ ကြီးနိုင်ငယ်ညှဉ်း လုပ် တာတွေ၊ ဘယ်သူသေသေ ငတေမာပြီးရော လုပ်တာတွေချည်း မြင်တွေ့နေရပါတယ်။ အနိဋ္ဌာရုံတွေ ကင်း စင်တဲ့နိုင်ငံရယ်လို့ လက်ညှိုးထိုးပြစရာ တစ်ခုတောင်မရှိတဲ့ အခြေအနေမျိုး ဖြစ်နေပါတယ်။

ရေအောက်ရောက်သွားနိုင်တယ်
နိုင်ငံရေး၊ စစ်ရေး၊ မျက်နှာစာကို ထားတော့။ စီးပွားရေးမျက်နှာစာကို ကြည့်တော့လည်း မြင်တွေ့နေရတာ တွေက စိတ် မချမ်းသာစရာတွေချည်းပါပဲ။ ဖန်လုံအိမ်အာနိသင်ကြောင့် ဝင်ရိုးစွန်းက ရေခဲတောင်ကြီးတွေ အရည်ပျော်ကျမှုနှုန်း ကြောက်စရာကောင်းလောက်အောင် မြင့်မားနေတယ်။ ဒီအတိုင်းဆက်သွားရင် ပင်လယ်ရေမျက်နှာပြင် မြင့်သထက်မြင့်တက်လာပြီး တချို့နိုင်ငံတွေ ရေအောက်ရောက်သွားနိုင်တယ်လို့ ပညာရှင်များက အကြိမ်ကြိမ် သတိပေးနေကြတာများ ကြားသိနေရတယ်။ စက်ရုံ၊ အလုပ်ရုံတွေက မီးခိုး ထုတ်လွှတ်မှုတွေ ကန့်သတ်တားဆီးဖို့ လိုပြီလို့လည်း ထောက်ပြကြတယ်။

မိုက်တွင်းနက်နေကြ
ဘယ်လိုပဲ ထောက်ပြထောက်ပြ၊ ဘယ်လိုပဲ သတိပေး သတိပေး၊ မီးခိုးတွေ အများဆုံးထုတ်လွှတ်နေတဲ့ စက်မှုနိုင်ငံကြီးတွေက လတ်တလော အကျိုးစီးပွားလေး တစ်ခုတည်းကိုသာ မိုက်မဲစွာကြည့်ရှုပြီး နိုင်ငံတကာ သဘောတူစာချုပ်နဲ့ ထိန်းချုပ်တာကို လက်မခံ ငြင်းဆန်နေကြတယ်။ ဒီလုပ်ရပ်ဟာ အင်မတန် အသိဉာဏ် ကင်းမဲ့ရာကျတယ်။ ဖန်လုံအိမ်အာနိသင်ကြောင့် အိုဇုန်းလွှာ ပါးလျားလာတဲ့ဒဏ်၊ အက်ဆစ်မိုးတွေ ရွာချတဲ့ ဒဏ်၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာတဲ့ဒဏ်၊ မုန်တိုင်းကြီးတွေ ကျရောက်လာတဲ့ဒဏ်၊ အပူလှိုင်း၊ အအေးလှိုင်းကြီးတွေ ကျရောက်လာတဲ့ဒဏ် စတဲ့ အန္တရာယ်တွေကို ရင်ဆိုင်ရပြီဆိုလျှင် ဘယ်နိုင်ငံမှ လွတ် ကင်းနိုင်မယ် မဟုတ်ဘူးဆိုတာ သိပါလျက်နဲ့ မိုက်တွင်းနက်နေကြခြင်းသာဖြစ်တယ်။

ဖုန်းဆိုးတောတွေဖြစ်
ဒါတင်မက လတ်တလောအကျိုးစီးပွားလေး တစ်ခုတည်းကိုကြည့်ပြီး မြေပေါ်မြေအောက် သယံဇာတတွေကို အဆီးအတားမရှိ ထုတ်ယူသုံးစွဲနေမှုကြောင့် ကမ္ဘာ့နိုင်ငံအားလုံးလိုလိုမှာ တောတွေပြုန်း၊ တောင်တွေပြိုပြီး တဖြည်းဖြည်းချင်း ကန္တာရ ဖုန်းဆိုးတောတွေ ဖြစ်လာနေတာများလည်း မြင်တွေ့ကြားသိနေရတယ်။ လူတွေ သောင်းသိန်းချီသေကြရတဲ့ ငလျင်လှုပ်မှုကြီးတွေနဲ့ ဆူနာမီလို၊ နာဂစ်လို အန္တရာယ်ကြီးတွေ ဘာ့ကြောင့် ပေါ် ပေါက်လာကြရတာလဲဆိုတာများကို သေသေချာချာ၊ လေးလေးနက်နက် သုတေသနပြုဖို့လည်း ပျက်ကွက် နေကြဆဲဖြစ်တယ်။

ပြဿနာက အန္တရာယ်မဟုတ်
ဒီအချက်တွေကြောင့် လူငယ်တွေက မျက်မှောက်ခေတ်ကြီးကို စိတ်ပျက်လက်ပျက်ဖြစ်နေတာ သဘာဝကျပါ တယ်။ ဒါပေမဲ့လို့ ဒါတွေဟာ တားဆီးကာကွယ်လို့ မရနိုင်တာတွေမဟုတ်ဘူးလို့ လူငယ်တွေ သိစေချင်ပါ တယ်။ ပြဿနာတစ်ရပ်ဖြစ်လာ၊ ရှိလာတာဟာ ကြောက်စရာမဟုတ်ပါဘူး။ ပြဿနာရှိနေတာကို ရှိနေတယ် လို့ မသိခြင်းကသာ ကြောက်စရာကောင်းတာဖြစ်တယ်။ ပြဿနာရှိနေမှန်းသိရင် ပြဿနာကို ဖြေရှင်းဖို့ နည်းလမ်း ရှာရမှာပဲဖြစ်တယ်။ ရှာရင် တစ်ချိန်မဟုတ် တစ်ချိန်တော့ တွေ့လာရမှာဖြစ်တယ်။

အနိုင်ရမှာ သေချာတယ်
ဒီနေ့ ကမ္ဘာတစ်လွှားမှာ ပြဿနာမျိုးစုံ၊ အနိဋ္ဌာရုံပေါင်းစုံ ဖြစ်ပွားပေါ်ပေါက်နေတာကို လူတိုင်း တွေ့မြင်နေကြ ရတယ်။ ပြဿနာတွေဖြစ်လာရတဲ့ ဇာစ်မြစ်အကြောင်းရင်းကိုလည်း လူတိုင်းသိကြတယ်။ ဥပမာ-ဖန်လုံအိမ် အာနိသင်ရဲ့ဆိုးပြစ်တွေကို လူတိုင်းသိသလို ဖန်လုံအိမ် အာနိသင်ဖြစ်ပေါ်လာရခြင်းရဲ့ အကြောင်းရင်းကို လည်း လူတိုင်းသိမြင် သဘောပေါက်နေကြတာဖြစ်တယ်။ ဒီတော့ ဘာကြောင့် မဖြေရှင်းနိုင်ရမှာလဲ။ ကမ္ဘာ ပေါ်က စစ်ပွဲကြီးတွေကို ဖန်တီးသူတွေနဲ့ ကမ္ဘာကြီးရဲ့သာယာလှပမှုကို ဖျက်ဆီးနေသူတွေက လက်တစ်ဆုပ် စာလောက်သာရှိတဲ့လူတွေ ဖြစ်ကြတယ်။ ရှိလှမှ ကမ္ဘာ့လူဦးရေရဲ့ ၁ဝ ရာခိုင်နှုန်းပေါ့။ ကျန် ၉ဝရာခိုင်နှုန်းက ညီညာဖြဖြနဲ့ ဝိုင်းဝန်းလုပ်ဆောင်ကြရင် ဒီ ၁ဝ ရာခိုင်နှုန်းရဲ့အန္တရာယ်ကို ဘာ့ကြောင့် မကာကွယ်နိုင်ရမှာလဲ၊ ဒါကြောင့် လူငယ်တွေကိုပြောချင်တယ်။ စိတ်မပျက်ပါနဲ့။ ကမ္ဘာ့လူဦးရေရဲ့ ၉ဝ ရာခိုင်နှုန်းနဲ့ ခိုင်ခိုင်မြဲမြဲ လက်တွဲဆောင်ရွက်ပါ။ နောက်ဆုံးမှာ ကောင်းမြတ်ခြင်းတရားက အနိုင်ရမှာ သေချာပါတယ်။

လူထုစိန်ဝင်း

စည်းခြားရမယ့် ဘာသာရေးနဲ့ နိုင်ငံရေး

ပြီးခဲ့တဲ့ စက်တင်ဘာအရေးအခင်းမှာ သံဃာတော်တွေက အစိုးရကို ဆန့်ကျင်တဲ့ ဆန္ဒပြမှု တွေမှာ ဦးဆောင်ပါဝင်ခဲ့ကြတယ်။ အစိုးရကို ဆန့်ကျင်နေတဲ့ အဖွဲ့အစည်းတွေကရော၊ အနောက် အုပ်စု နိုင်ငံတွေကပါ ရွှေဝါရောင်တော်လှန်ရေး၊ ဒါမှမဟုတ် သင်္ဃန်းရောင်တော်လှန်ရေးလို့ အမည် ပေးထားတဲ့ သံဃာတော်များရဲ့လှုပ်ရှားမှုကို မြန်မာနိုင်ငံရေးရဲ့ အဆင့်မြင့်လာမှုအဖြစ် အမွှန်းတင်ခဲ့ ကြပါတယ်။ ဒါဟာအလှည့်အပြောင်းတစ်ခုလို့လဲဆိုတယ်။ ဒါအမှန်ပဲလား၊ ကျွန်တော်တို့ ဆန်းစစ်ဖို့ လိုပါတယ်။ ဒီလိုဆန်းစစ်မယ်ဆိုရင် ပထမအနေနဲ့ ဘာသာရေးနဲ့ နိုင်ငံရေးရောသင့်သလား၊ ဒုတိယ အနေနဲ့ ဗုဒ္ဓဘာသာမှာ ရဟန်းတော်များနိုင်ငံရေးမှာ ပါဝင်တာနဲ့ပတ်သက်ပြီး ဘယ်လိုရှိသလဲ၊ ဒီစံနှစ်ခု တနည်း မှတ်ကျောက်နှစ်ခုနဲ့တိုင်းတာရပါမယ်။
ဘာသာရေးနဲ့ နိုင်ငံရေးကို ခွဲခြားထားခြင်းဟာ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲ၊ လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့် စတာတွေလိုပဲ ဒီမိုကရေစီစနစ်ရဲ့ စံတစ်ခုပါ။ ဒါဟာ ပြင်သစ် တော်လှန်ရေးက ပေးခဲ့တဲ့အမွေလည်းဖြစ်တယ်။ ဒါ့ကြောင့်လည်း အမေရိကန်နိုင်ငံမှာ စာသင်ကျောင်း တွေမှ ၀တ်ပြုကိုးကွယ်ခွင့်ရှိ၊မရှိ၊ ကိုယ်ဝန်ဖျက်ချမှု၊ သားဆက်ခြားမှုတွေမှာ ခရစ်ယာန်ဘာသာစံနှုန်းနဲ့ တိုင်းတာသတ်မှတ်ခွင့် ရှိမရှိဆိုတာတွေက အပြင်းအထန်အငြင်းပွားနေကြတာပေါ့။ အမေရိကန်မှာ လစ်ဘရယ်ဝါဒီတွေက ရီပတ်ဘလီကင်ပါတီထဲက ခရစ်ယာန်ဘာသာရေး အယူသည်းသူများကို ပြင်းပြင်းထန်ထန် ဝေဖန်နေတာကိုကြည့်ရင် အမေရိကန်လိုနိုင်ငံမှာတောင် ဘာသာရေးအယူအဆ တွေကို နိုင်ငံရေးထဲ သွတ်သွင်းလာတာကို လက်မခံဘူးဆိုတာထင်ရှားပါတယ်။
ဒါဆိုရင် ဘာသာရေးဟာ နိုင်ငံရေးမှာ ၀င်ပါလို့မရတော့ဘူးလား။ မဟုတ်ပါဘူး၊ ပါလို့ရပါ တယ်။ ဒါပေမယ့်ဘယ်လိုနည်းနဲ့ ပါမလဲဆိုတာတော့ သတိပြုရမယ်။ နိုင်ငံရေးဟာ လူတွေပါဝင် လုပ်ဆောင်နေတဲ့ ကိစ္စဖြစ်တာကြောင့် လူတွေကို ဘာသာတရား အဆုံးအမနဲ့အညီ အကျင့်သီလနဲ့ နေထိုင်အောင်၊ ကိုယ်ချင်းစာတရားထားတတ်အောင်၊ မခိုးအောင်၊ လောဘဒေါသတရား နည်းပါး အောင်၊ သည်းခံခွင့်လွှတ်တတ်အောင် မေတ္တာထားတတ်အောင် ဘာသာရေးက လုပ်ပေးလို့ရပါတယ်။ ဒီလိုလုပ်နိုင်ရင် ဒီလူတွေပါဝင်တဲ့ နိုင်ငံရေးစနစ်ဟာလည်း လောကပါလတရားနဲ့အညီဖြစ်လာနိုင် ပါတယ်။ ဒါနိုင်ငံရေးမှာ ဘာသာရေးက သွယ်ဝိုက်ပြီး အပြုသဘောဆောင်ပါဝင်တာပါပဲ။
ဒါပေမယ့် ဘာသာတရားအဆုံးအမအတိုင်း လူတွေအားလုံးလိုက်လုပ်ရမယ်လို့ ဥပဒေနဲ့ သတ်မှတ်တာမျိုး၊ အစိုးရ (တနည်း) မင်းရဲ့ လုပ်ပုံကိုင်ပုံတွေကို ဘာသာရေးစံတွေနဲ့ အမြဲတိုင်း နေတာမျိုးလို တိုက်ရိုက်ဝင်ပါတာ ဆိုရင်တော့ ဒုက္ခရောက်မှာဘဲ။ ဘာလို့လဲဆိုတော့ ဘာသာတရား အဆုံးအမ ဆိုတာက ပြီးပြည့်စုံတဲ့ အခြေအနေတစ်ရပ် Ideal Situation အတွက် ရည်ရွယ်ထား တာကိုး၊ နိုင်ငံရေးဆိုတာက ဘာသာ၊ ယဉ်ကျေးမှု၊ ဓလေ့စရိုက်၊ အယူအဆအမျိုးမျိုးရှိတဲ့ လူတွေ ပါဝင်နေတယ်။ ဒီလိုလူတွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့တွေ၊ ပါတီတွေ၊ နိုင်ငံတွေနဲ့ ဆက်ဆံနေရတယ်။ နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွား ဆိုတာကလည်းအမျိုးမျိုးရှိပြီး ဒါတွေကို အကောင်အထည် ဖော်ဖို့ အတွက် နည်းလမ်းအမျိုးမျိုးသုံးရတယ်။ ပကတိအရှိတရားကို အခြေခံပြီးလုပ်ရတာဆိုတော့ ဘယ်လိုမှ ခြောက်ပြစ်ကင်း သဲလဲစင်မဖြစ်နိုင်ဖူးဆိုတာ ထင်ရှားနေတာပဲ။
မြန်မာနိုင်ငံသမိုင်းမှာ ကနောင်မင်းသားရဲ့ ရေမြုတ်ဗုံးစမ်းတာကို သံဃာတော်တွေတားလို့ အင်္ဂလိပ်ရေတပ်ကို တားဖို့လက်နက်မရှိတော့တာ၊ ဦးနုက ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် အတင်းလုပ်ခဲ့လို့ ကေအိုင်အေ သူပုန်ပေါ်ခဲ့ရတာတွေဟာ ဘာသာရေးနဲ့ နိုင်ငံရေးရောလို့ အခက်ကြုံ ခဲ့ရတဲ့ အထောက်အထားတွေပါဘဲ၊ ဒါ့ကြောင့်လည်း ဒီမိုကရေစီနိုင်ငံတိုင်းရဲ့ အခြေခံဥပဒေမှာ ဘာသာ ရေးနဲ့နိုင်ငံရေးကို ခွဲထားဖို့ အတိအကျပြဋ္ဌာန်းထားကြတာပါ။ မြန်မာနိုင်ငံရဲ့ ၁၉၄၇ ၊ ၁၉၇၄ ဥပဒေ တွေမှာလည်း ဒီလိုပဲပါခဲ့ပါတယ်။ 







ဒါတွေကိုကြည့်ရင် ဘာသာရေးနဲ့ နိုင်ငံရေး မရောသင့်ဘူးဆိုတာ ထင်ရှားနေပါပြီ။ ကျွန်တော် တို့ အလေးအမြတ်ထားတဲ့ မြတ်စွာဘုရားရှင်ကရော ရဟန်းတွေကို နိုင်ငံရေးမှာ ၀င်ပါသင့် မသင့် ဘယ်လိုများပြောခဲ့သလဲ ကြည့်ရအောင်။
မြတ်စွာဘုရားဟာ လောကီမှုဖြစ်တဲ့နိုင်ငံရေးမှာ အကောင်းအဆိုးပြောဆိုခြင်း၊ ပါဝင်ခြင်းမရှိ တာ ထင်ထင်ရှားရှားတွေ့နိုင်ပါတယ်။ ဘုရားရှင်ရဲ့ ဒါယာကာ အရင်းအခြာဖြစ်တဲ့ ဗိမ္မာသာရမင်းကြီးကို သားအရင်း အဇာတသတ်က ဖမ်းဆီးသတ်ဖြတ် နန်းလုခဲ့တာကိုတောင် ကောင်းသည်၊ ဆိုးသည် ၀င်မပါခဲ့ပါဘူး။ နောင်တရပြီး ဘုရားရှင်ထံရောက်လာမှသာ တရားမှန်ကို ဟောကြားပြသခဲ့တာပါ။
ဘုရှားရှင်ကိုယ်တော်မြတ်ကြီးက ဒီဃနိကာယ်၊ သီလက္ခန်ပါဠိတော်၊ စူဠသီလအခန်းမှာ အုပ်ချုပ်သူ မင်းအစိုးရနဲ့ ပတ်သက်သောစကား၊ သူခိုး၊ သူပုန်သူကန်တို့နဲပတ်သက်သော စကားများ ကို တိရစ္ဆာန်ကထာအဖြစ်နဲ့ သတ်မှတ်ပြီး ဆွေးနွေးခြင်း၊ ပြောကြားခြင်းမပြုဖို့ တားမြစ်ခဲ့ထားတာကို တွေ့ရပါတယ်။ ဒီလိုသတ်မှတ်ရတာကလည်း မဂ်ဖိုလ်၊ နိဗ္ဗန်ရခြင်းအကြောင်းမဟုတ်ဘဲ အချည်းနှီးဖြစ် လို့ပါ။
ဒါဆိုရင် ဘာသာရေးနဲ့ နိုင်ငံရေးရောယှက်တာကို ဒီမိုကရေစီစံအရ လက်မခံသလို၊ မြတ်စွာ ဘုရားရှင်ကလည်း အလိုရှိတော်မမူဘူးဆိုတာ ထင်ရှားပါတယ်။ ဒါ့ကြောင့်လည်း မြတ်စွာဘုရားရှင် လက်ထက်တော်ကစပြီး ယနေ့အချိန်အထိ သီလ၊ သိက္ခာ၊ သမာဓိနဲ့ ပြည့်စုံတဲ့ မထေရ်ကြီးများဟာ နိုင်ငံရေးမှာ ၀င်မပါခဲ့တာပဲဖြစ်ပါတယ်။ နေ့စာဝါ၊ ညဘ၀နာနဲ့ နေခဲ့ကြတာပါ။
မြန်မာ့လူမှုအသိုင်းအ၀ိုင်းမှာ ရဟန်းသံဃာများဟာ အထူးအလေးအမြတ်ထား ကြည်ညိုခံရသူ များဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်များဟာ ဘာသာရေးအတွက်သာမက လူမူရေးအတွက်ပါ သံဃာတော် များကို ကိုးကွယ်၊ ဆည်းကပ်၊ တိုင်ပင်ခဲ့တာပါ။ အုပ်ချုပ်သူမင်းကအစ သာမန်ပြည်သူအဆုံး သံဃာ တော်များရဲ့ သွန်သင်ဆုံးမမှုကို ဦးလည်းမသုန်ခံယူကြပါတယ်။ ဒါ့ကြောင့် ရဟန်းတော်များအနေနဲ့ ဘုရားခန်း၊ အိမ်ဦးခန်းမှာ ထိုင်ပြီး ဒါယကာ၊ ဒါယိကာမများကို တရားနဲ့အညီ ပဲ့ပြင်၊ သွန်သင်ဆုံးမ နိုင် ကြပါတယ်။ လမ်းပေါ်ထွက်ပြီး သာမန်လူတွေလို အော်ဟစ်ဆန္ဒပြဖို့မလိုပါဘူး။
အခု စက်တင်ဘာဖြစ်ရပ်မှာ ဘယ်သူတွေမြတ်လို့ ဘယ်သူတွေရှုံးသလဲ။ အစိုးရကို နိုင်ငံ တကာက ဖိအားတွေပိုပေးလာအောင်၊ ပြည်တွင်းမှာ တင်းမာမှုတွေ ပိုလာအောင်လုပ်ချင်တဲ့ အတိုက် အခံတွေ၊ အနောက်အုပ်စုနိုင်ငံတွေမြတ်တယ်။ ၁၉၈၈ ခုနှစ်ထဲက ဆရာ၊ ဒကာ ရင်းနှီးအောင် လုပ်လာ ခဲ့တဲ့ စစ်တပ်အစိုးရရှုံးတယ်။ အဲ အရှုံးဆုံးကတော့ ထေရ၀ါဒ ဗုဒ္ဓဘာသာပါဘဲ။
၈၈ အရေးအခင်းကာလနဲ့ပတ်သက်ရင် နိုင်ငံတကာမီဒီယာတွေက အမြဲပြန်ပြတဲ့ ပုံတစ်ပုံရှိ ပါတယ်။ ကုန်သွယ်ရေးဝန်ကြီးဌာနက သိမ်းလာတဲ့ လက်နက်တွေကိုင်ပြီး ကားခေါင်မိုးပေါ်က လိုက် လာတဲ့ သံဃာတော်တွေပုံပါ။ ၀၇ စက်တင်ဘာ အရေးအခင်းနဲ့ပတ်သက်ရင် အမြဲပြန်ပြနေတဲ့ ပုံနှစ်ပုံက ဆိုင်ကယ်မီးရှို့ထားတဲ့ မီးခိုးလုံးတွေကြားက မျက်နှာမှာ အ၀တ်စည်းပြီး ထွက်လာတဲ့ သံဃာ တော်တွေပုံနဲ့ အလံကိုင်၊ သင်္ဃန်းကို ကပိုကရိုလွယ်ပြီး အလံကိုင်ကာ လက်သီးလက်မောင်းတန်းပြီး လမ်းပေါ်မှာ ခေါက်တုန့်ခေါက်ပြန်လျှောက်အော်နေတဲ့ ကတုံးအသစ်နဲ့ ရဟန်းတပါးပုံပါ။ ဒါကိုမြင်တဲ့ မဟာယာန ဂိုဏ်းဝင်တွေ၊ အခြားဘာသာဝင်တွေက ထေရ၀ါဒရဟန်းတော်များကို ဘယ်လိုမြင်မလဲ စဉ်းစားကြည့်ကြပါ။
သူတို့နိုင်ငံမှာ ဘာသာရေးနဲ့ နိုင်ငံရေးကို စည်းခြားထားတဲ့ အနောက်နိုင်ငံတွေက ထေရ၀ါဒ သံဃာတွေကို ဘာလို့ လမ်းပေါ်ထွက်ခိုင်းနေတာလည်း။ အတိုက်အခံအဖွဲ့တွေကရော ဘယ်သူ သေသေ ငတေမာရင်ပြီးရောဆိုပြီး သံဃာတွေကိုနင်းပြီး အာဏာယူချင်နေတာလား။
ဒီမိုကရေစီစနစ် ပေါ်လာရင်လည်း အာဏာရပါတီနဲ့ အတိုက်အခံပါတီတွေဆိုတာ ရှိကြမှာပါ။ အဲဒီအခါမှာ အတိုက်အခံက သံဃာထုကိုသုံးပြီး ဒီမိုကရေစီနည်းကျရွေးထားတဲ့ အစိုးရကို ဆန့်ကျင် ရင်၊ အစိုးရက ဦးနုလုပ်ခဲ့သလို ဘာသာရေးကို နိုင်ငံရေးအတွက်သုံးလာရင် ကောင်းကြပါဦးမလား၊ အာဏာလုပွဲတွေကြောင့် ထေရ၀ါဒဗုဒ္ဓဘာသာ ရေတိမ်နစ်ရတော့မှာလား၊ မလုပ်သင့်တာကို မလုပ် ကြရင်ကောင်းမယ်ထင်ပါတယ်။ အာဏာအတွက် ပြိုင်ကြရင်လည်း တစ်ခြားနည်းသုံးကြပါ။ ကိုယ် ကိုယ်တိုင် ရှေ့ထွက်ပြီးတိုက်ကြပါ။ ဘုရားခန်းက သံဃာတွေကိုတော့ လမ်းပေါ်ကို ဆွဲမတင်ကြပါနဲ့၊ သာသနာအတွက် ရင်လေးလို့ တောင်းပန်ပါရစေ။

Thursday, February 23, 2012

ဒေါ်စုနဲ့ စည်းကမ်းမရှိတဲ့ NLD တွေ သတိထားစေဖို့ ရေးလိုက်တယ်

ဖေဖော်ဝါရီ ၁၇ ရက်နေ့က စည်းကမ်းမရှိတဲ့ NLD အတွက် သတိပေးစာ
အော်..လေတစ်လုံး မိုးတစ်လုံးနဲ့  ထင်ရာ စိုင်းနေတဲ့ NLD တွေ စည်းမရှိ ကမ်းမရှိ လုပ်နေတော့လည်း ရွေးကောက်ပွဲ ကော်မရှင်ကတောင်
သတိပေးစာ တစ်စောင် ထုတ်ပြန်ရတဲ့ အထိကို ပါပဲလားနော်...။
ပြောရရင်ဖြင့် အဘက်ဘက်က NLD ကို ပိတ်ပင်နေတယ် နှောင့်ယှက်နေပါတယ် ဆိုတဲ့ အသံတွေ နဲ့ကြားကောင်းအောင် အော်တတ်တဲ့
လုပ်စား ပြစား တွေအတွက် သတိေ ပးစာလေးကို ScreenShot ယူပြီး တင်ပေး လိုက်ပြီနော်..။
ထမင်းစားပြီး ကြီးတာ ဆိုရင်တော့ အကျိုးသင့် အကြောင်းသင့် ပြောနေတာကို လူလို သဘောပေါက်ဖို့ ကောင်းတယ်နော်..။


ကဲ..ပြောစမ်းပါအုံး ရှင်းစမ်းပါအုံး..
ဘယ့်နှယ် .. ပြည်ထောင်စုနေ့ အကြောင်းပြပြီး ဆီထမင်းရောင်းလို့  ပါတီ စတေကာတွေ ရင်ထိုးတွေကို ပါတီ ရံပုံငွေ ဆိုပြီး လုပ်ရောင်း
သေးတယ်..ဖေဖေက ပြောတယ်နဲ့ မိုက်ခဲ တပည့်တွေက ပြည်ထောင်စုနေ့ အကြောင်းပြလို့ ပါတီရံပုံငွေ နာမည်တပ် လုပ်စားသေးတယ်
။ပြောလိုက်ရင်တော့ ..သူတို့ ပါတီလောက် ကမ္ဘာပေါ်မှာ အနစ်နာခံတာ အလုပ်လုပ်ပြတာ မရှိဘူး..။
ဈေးရောင်း ရုံနဲ့တောင် မဟုတ်သေးဘူး..လက်ကမ်း စာစောင်တွေကို ဖြစ်သလိုထုတ်ပြီး လိုက်ဝေ သေးသတဲ့..။စည်းကမ်း ရှိဖို့  ဥပဒေ ရှိ
ဖို့ ပြောပြောနေတဲ့  အန်တီ သားသမီးတွေ ရဲ့ တရားဝင်ပါတီ တစ်ခုဖြစ်ပြီး စည်းမရှိ ကမ်းမရှိ လုပ်နေ တာလည်း လှည့်ကြည့်အုံးနော်..ပါတီ
တံဆိပ် ထဲကလို ရှေ့ပဲ မဲ မဲ ဆိုပြီး က မနေနဲ့..နောက်က ဖင်ပြောင် နေတယ်..။
ဥပဒေ အရေးကြီး ကြောင်းပြော ဟိုဟာ ပြင်မယ် ဒီဟာ ပြင်မယ်တော့ လူကြား ကောင်းအောင် အော်မနေနဲ့ ..။
ကိုယ့်ပါတီ ကိုယ်နိုင်အောင် ထိန်းအုံးခင်ဗျ..။
ရှေ့ကနေ ကိုယ့်ဘာသာ ခန့်
ထားတဲ့ ဆိုင်ကယ် ပွိုင့်သမားတွေလည်း ပြောအုံး..ဆိုင်ကယ် ၃ယောက် မစီးရဘူးတို့ ..ဦးထုပ် ဆောင်းဖို့တို့ကို
အရင်ပြောနိုင်မှ လွှတ်တော် ထဲရောက်ရင် ဟိုဟာပြင်မယ် ဒီဟာပြင်မယ် ကျမတို့  ဥပဒေ ကောင်းကောင်း လိုတယ်တို့ ဘာတို့ လိပ်ပြာလုံ
လုံ အော်ကြည့်ပါအုံး..။အော်..စတေကာ ပါးကပ်တဲ့ ဘုန်းဘုန်းတွေ နဲ့လည်း တရုန်းရုန်း မနေ ပါနဲ့အုံးလို့..မြင်ရတာ ဘုန်းကြီး လမ်းသရဲ
နဲ့ တူနေလို့  လမ်းသရဲ ဘုန်းကြီးတွေ အားပေးမှူ ရနေသလို ဖြစ်နေတယ်နော်..။

ကဲပါ..မိုက်ခဲရယ်..
နောက် တစ်ခါ ..စည်းနဲ့ ကမ်းနဲံ့ နေ..မိုက် နဲ့ မအော်ခင် ကိုယ့် ပါတီဝင်တွေကို လှည့်မေးအုံး..နင်တို့ ဘာတွေ လျှောက်လုပ်ထားလဲ လို့ ...
တော်ကြာ..ပါတီ အလံထဲက ဒေါင်းကြီး ကနေသလို ဖင်ကြီး ပြောင်နေမှာ စိုးလို့ သတိ ပေးတာပါ..။
                                                                                                     မောင်ကျောက်ခဲမှကူးယူဖော်ပြသည်။

Monday, February 20, 2012

ငြိမ်းချမ်းရေးအားရှောင်လွှဲကာ လက်နက်ကိုင်အာဏာယစ်မူးနေကြသော ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ ( KIA ) ခေါင်းဆောင်ကြီးများ

ကေအိုင်အေအဖွဲ့၏ တပ်မဟာ(၃)လက်အောက်ခံ တပ်ရင်း(၁၅)နှင့် ဘွန်ဆင်(န်) BumSen စခန်းမှ စတင်ကာ ၂၀၁၁ခုနှစ်၊ ဇွန်လ(၉)ရက်နေ့တွင် မြန်မာအစိုးရတပ်များနှင့် KIA အဖွဲ့များ ကချင်ပြည်နယ်အတွင်း စစ်ပွဲများ စတင်ဖြစ်ပွားခဲ့ကြပါတယ်။ ကချင်ပြည်နယ်အတွင်း ဒေသတည်ငြိမ်အေးချမ်းရေး ဆောင်ရွက်နိုင်ရန် အတွက်   (၁၆-၆-၂၀၁၁) ရက်နေ့တွင် လိုင်ဇာမြို့၌ ပထမဆုံးအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြ ပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးမှုများအား တွေ့ဆုံဆွေးနွေးခြင်း(၃)ကြိမ်၊ စာဖြင့်အပြန်အလှန်ဆက်သွယ်ပေးပို့ ခြင်း (၂၁) ကြိမ်ကျော် ပြုလုပ်ခဲ့ကြရာ နိုင်ငံတော်အစိုးရအနေဖြင့် KIOအဖွဲ့(ညှိနှိုင်းရေးအဖွဲ့)၏ တောင်းဆိုချက် များအား အတတ်နိုင်ဆုံးလိုက်လျောပေးခဲ့သော်လည်း KIO အဖွဲ့အနေဖြင့် ပြင်ဆင်ချက်များ ထပ်မံပြုလုပ်ခြင်း၊ တစ်ဆင့်ပြီးတစ်ဆင့် ထပ်မံဖြည့်စွက်ပြောင်းလဲ အကြောင်းပြန်စာများပေးပို့ကာ ငြိမ်းချမ်းရေးရယူရန် ရှောင်လွှဲ လာခဲ့ကြပါသည်။
ယခုအချိန်သည် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့(KIA)အဖွဲ့အနေဖြင့် နိုင်ငံတော်အစိုးရနှင့်ငြိမ်းချမ်းရေး ဆွေးနွေးမှုများပြုလုပ်ကာ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ကောင်းစားရေးအား အစိုးရနှင့်လက်တွဲပြုလုပ်ရန် အကောင်း ဆုံးအချိန်ပင် ဖြစ်ပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့် အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးကမ်းလှမ်းမှုများပြုလုပ်ကာ ဆွေးနွေးပွဲများဖြင့် အနှစ်(၆၀)ကျော် လက်နက်ကိုင်တော်လှန်ခဲ့သော KNU ကရင်အမျိုးသားအစည်းအရုံးနှင့် ပြီးခဲ့သော ဇန်န၀ါရီလ(၁၂)ရက်နေ့တွင်၎င်း ၊ ဇန်န၀ါရီလ(၁၆)ရက်နေ့တွင် ရှမ်းပြည်တပ်မတော်တောင်ပိုင်း(SSA(s)) အဖွဲ့တို့နှင့် သဘောတူလက်မှတ်ရေးထိုးကာ ဇန်န၀ါရီလ(၆)ရက်နေ့ တွင် (CNF) ချင်းအမျိုးသားတပ်ဦးနှင့် သဘောတူလက်မှတ်ရေးထိုးခဲ့ပါသည်။
 (ALP) ရခိုင်လွတ်မြောက်ရေးပါတီအား ဇန်န၀ါရီလ ၊ (၂၃)ရက်နေ့တွင် အစိုးရဘက်မှ ပြည်ထောင်စု အဆင့်ငြိမ်းချမ်းရေးဆွေးနွေးရန် ကမ်းလှမ်းခဲ့ပြီး ရခိုင်လွတ်မြောက်ရေးပါတီဘက်မှလည်း ကြိုဆိုကြောင်းနှင့် မကြာခင်ငြိမ်းချမ်းရေး အကြောင်းပြန်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ PNLO(ပအို့ဝ်အမျိုးသားလွတ်မြောက် ရေးအဖွဲ့ချုပ်)သည်လည်း အစိုးရနှင့်ဆွေးနွေးရန် အဖွဲ့ဝင်(၅)ဦးပါဝင်သော ငြိမ်းချမ်းရေးအဖွဲ့ကို ဖွဲ့စည်းထားပြီး ဖြစ်ကြောင်း ဥက္ကဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာမှ အတိအလင်းပြောကြားခဲ့ပြီး နိုင်ငံတော်သမ္မတ၏ ကိုယ်စားလှယ် ရထားဝန်ကြီး ဦးအောင်မင်းနှင့် ဖေဖော်ဝါရီလထဲတွင် ဆွေးနွေးနိုင်ရန် ပြင်ဆင်နေပြီဖြစ်ပါသည်။ နိုင်ငံတော် အစိုးရအနေဖြင့် ငြိမ်းချမ်းရေးရယူနိုင်ခြင်းမရှိသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၁၁)ဖွဲ့လုံးနှင့် ထိတွေ့ ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ခဲ့ပြီး အဖွဲ့(၆)ဖွဲ့နှင့် အခြေခံသဘောတူညီမှုများကို လက်မှတ်ရေးထိုး ဆောင်ရွက်ခဲ့ ပါသည်။
ကျန်အဖွဲ့(၅)ဖွဲ့နှင့်လည်း ငြိမ်းချမ်းရေးဆွေးနွေးမှုများပြုလုပ်ကာ သဘောတူလက်မှတ်ရေးထိုးမှုများ ပြုလုပ်နေချိန်တွင် ကျွန်တော်တို့ ကချင်ဒေသခံပြည်သူများအတွက် ကချင်ပြည်နယ်အားကိုယ်စားပြုကာ တိုက်ပွဲ ၀င်နေသည်ဟု ကြွေးကြော်နေသော KIA အဖွဲ့အနေဖြင့် ဒေသခံပြည်သူလူထုများ၏ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ ပြည်နယ်ဖွံ့ဖြိုးတိုးတက်မှု ရပ်စဲဆုတ်ယုတ်နေသည်များအား မသိကျိုးကျွံပြုကာ ငြိမ်းချမ်းရေး   ဆွေးနွေးမှုများအား ရှောင်လွဲမှုအကြိမ်ကြိမ် ပြုလုပ်နေခဲ့ပါသည်။ ယခုနောက်ဆုံးအကြိမ် လိုင်ဇာမြို့၌ ဇန်န၀ါရီ (၁၈)ရက်နေ့ နှင့် (၁၉)ရက်နေ့တွင် ဆွေးနွေးပွဲပြုလုပ်ခဲ့သော်လည်း ငြိမ်းချမ်းရေးကို အဆုံးအဖြတ် ပေးနိုင်သော KIA ခေါင်းဆောင်ကြီးများမပါဝင်ဘဲ မြန်မာစစ်တပ်များ၏ ထိုးစစ်ဆင်မှုများအား ခေတ္တရပ်တန့်စေလိုသော ရည်ရွယ်ချက်ဖြင့်သာ ငြိမ်းချမ်းရေးဆွေးနွေးမှုအား ဟန်ပြလုပ်ဆောင်ခဲ့ခြင်းဖြစ်ပါသည်။
လိုင်ဇာမြို့၌ ဇန်န၀ါရီ(၁၈)ရက်နေ့ နှင့် (၁၉)ရက်နေ့တွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြုလုပ်နေစဉ်
ကချင်ပြည်နယ်အတွင်း ယခင်းအစိုးရတည်ဆောက်ပေးခဲ့သော လမ်းများ၊တံတားများကြောင့် ပြည်သူများ သွားလာမှုနှင့် ရောင်းဝယ်ဖောက်ကားရာတွင် လွယ်ကူအဆင်ပြေခဲ့ပါသည်။ သို့သော် မြန်မာအစိုးရစစ်တပ်နှင့် KIA အဖွဲ့တို့ တိုက်ပွဲများဖြစ်ပွားနေသည့်အချိန်မှစ၍ စစ်ရေးအကြောင်းပြချက်ဖြင့် လမ်းများ၊တံတားများအား ဖျက်ဆီးပစ်ခြင်းသည် ပြည်နယ်အတွက် ကြီးမားသောဆုံးရှုံးမှုများပင်ဖြစ်ပါသည်။ ကေအိုင်အေအဖွဲ့သည် ဇန်န၀ါရီလ(၁၇)ရက်နေ့အထိ တံတားမိုင်းခွဲသော အကြိမ်ပေါင်း (၁၁၃)ကြိမ်၊ ကားလမ်းမိုင်းခွဲသော အကြိမ်ပေါင်း (၁၅)ကြိမ်၊ မီးရထားလမ်းမိုင်းခွဲသော အကြိမ်ပေါင်း(၂၃)ကြိမ် ပြုလုပ်ခဲ့သည်ကို ပြည်နယ်အစိုးရ၏မှတ်တမ်းများ အရ သိရှိရပါသည်။
KIA အဖွဲ့၏ ဖောက်ခွဲဖျက်ဆီးမှုများအား သိရှိမြင်သာစေရန် တင်ပြရမည်ဆိုလျှင်-
          ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ (၁၈)ရက်နေ့တွင် မိုးကောင်းမြို့နယ်၊ ထိုးပူနှင့်ဆားမှော်အကြား မိုင်တိုင်အမှတ် ၆၇၈/၁၁ နှင့် ၁၂ ကြားတွင် ကေအိုင်အေအဖွဲ့မှ ရထားလမ်းအား မိုင်းထောင်ဖောက်ခွဲခဲ့ကြပါသည်။ KIA အဖွဲ့ သည် မြန်မာအစိုးရစစ်တပ်မှ ဖောက်ခွဲဖျက်ဆီးခြင်းဖြစ်သည်ဟု သတင်းအမှားများထုတ်လွှင့်ကာ ပြောဆိုခဲ့သော် လည်း ဖောက်ခွဲမှုကြောင့် ရထာလမ်းဘေးတွင် သေဆုံးနေသော  KIA ယူနီဖောင်းဝတ် စစ်သားနှစ်ဦးမှာ KIA အဖွဲ့၏ လုပ်ရပ်ဖြစ်ကြောင်း ပြည်သူများ မြင်တွေ့နိုင်ရန် ထာဝရဘုရားသခင်မှ ဒဏ်ခတ်ခဲ့ခြင်းပင်ဖြစ်ပါသည်။

                      ရထာလမ်းဘေးတွင် သေဆုံးနေသော  KIA ယူနီဖောင်းဝတ် စစ်သားနှစ်ဦး
၂၀၁၁ ခုနှစ် ၊ နိုဝင်ဘာလ (၅)ရက်နေ့တွင် မိုးကောင်း- မန္တလေးသွား မီးရထားလမ်းအား KIA အဖွဲ့မှ မိုင်းထောင်ဖျက်ဆီးခဲ့ပါသည်။ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂမ်ရှောင်ကိုယ်တိုင်မှ “KIA တပ်တွေအနေနဲ့ မြန်မာအစိုးရ စစ်တပ်များအား စစ်ရေးအရှိန်မြင့်တင်ရုံမကဘဲ အရင်ကထက် ပြင်းထန်သော ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်းများ အား တိုးမြှင့်လုပ်ဆောင်သွားရန်” ညွှန်ကြားချက်ထုတ်ပြန်ခဲ့ပါသည်။

KIA အဖွဲ့မှ မိုင်းထောင်ဖျက်ဆီးခဲ့သော မိုးကောင်း- မန္တလေးသွား မီးရထားလမ်း
          မြန်မာအစိုးရစစ်တပ်များ သွားလာရာလမ်းကြောင်းများတွင် ထိခိုက်ဆုံးရှုံးမှုများဖြစ်ပေါ်စေရန် မိုင်းထောင် ခြင်းများ ပြုလုပ်ထားရှိသော်လည်း အမှန်တကယ်ထိခိုက်သူများမှာ ပြည်နယ်အတွင်း ရိုးသားစွာလုပ်ကိုင်စား သောက်နေကြသော ဒေသခံပြည်သူများပင် ဖြစ်ပါသည်။ (၂၆-၁၁-၂၀၁၁)ရက်နေ့တွင် ကာမိုင်း-မအူပင် (၆)မိုင် ဖြတ်လမ်းဘေးတွင် ကေအိုင်အေအဖွဲ့မှ ထောင်ထားသောမိုင်းအား နင်းမိ၍ ခြေထောက်ပြတ်သွားသော ရေကာတာကျေးရွာမှမစန်းစန်းအား ပုံနှင့်တကွတွေ့မြင်နိုင်ပါသည်။ KIAအဖွဲ့မှ မဆင်မခြင် မိုင်းထောင်ဖောက်ခွဲမှု ကြောင့် ဒေသခံများမှာ တောင်ယာလုပ်ငန်းများအား ကောင်းမွန်စွာလုပ်ကိုင်နိုင်ခြင်းမရှိဘဲ စီးပွားရေးကျပ်တည်း နေခဲ့ရပါသည်။

ကေအိုင်အေအဖွဲ့မှထောင်ထားသော မိုင်းအားနင်းမိ၍ ခြေထောက်ပြတ်သွားသော ရေကာတာကျေးရွာမှမစန်းစန်း
ဒါ့အပြင် KIA အဖွဲ့သည် (၁၆-၁၀-၂၀၁၁) ရက်နေ့တွင် လုံးခင်၊ဖားကန့်၊ဆိပ်မူ ရတနာမြေများတွင်ရှိသော ကုမ္ပဏီများ၊ ကုန်စုံဆိုင်များ၊ စက်သုံးဆီဆိုင်များအား လစဉ်ဆက်ကြေးကောက်ခံမှုများပြုလုပ်နေပြီး တစ်လလျှင် ကုမ္ပဏီများသည် သိန်း (၂၀၀) မှ သိန်း (၅၀၀)ထိ၊ ကုန်စုံဆိုင်များသည် (၅)သိန်းမှ (၁၀)သိန်းအထိ ၊စက်သုံးဆီ ဆိုင်များသည် (၁)သိန်းမှ (၅)သိန်းအထိ ကောက်ခံခဲ့ကြပါသည်။ ကချင်ပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများ အနေဖြင့် လူနေမှုဘ၀ရပ်တည်ရေးအတွက် ပုံစံအမျိုးမျိုးဖြင့် ရုန်းကန်လုပ်ကိုင်စားသောက်နေရချိန်တွင် KIA အဖွဲ့များအနေဖြင့် လက်နက်ကိုင်ကာ ဒေသခံပြည်သူများထံမှ ငွေကြေးကောက်ခံ ရှာဖွေနေကြပါသည်။ လက်လုပ်လက်စား မိသားစုများအနေဖြင့် များစွာဆင်းရဲဒုက္ခရောက်ရသည့်အပြင် KIAအဖွဲ့အား ဆက်ကြေးပေး ဆောင်ရသဖြင့် ဆင်းရဲတွင်း နစ်သထက်နစ်နေခဲ့ရပါသည်။
ဝိုင်းမော်-ကံပိုက်တီး သွားလမ်းပေါ်တွင် KIAတပ်ဖွဲ့မှ လူစီးယာဉ်များနှင့် ကုန်ပစ္စည်းတင်ဆောင်လာသော ကားများအား ငွေကြေးတောင်းခံခြင်းများပြုလုပ်ပြီး ကားလေးတစ်စီးလျှင် ငွေကျပ်(၁)သောင်းနှင့် ကုန်ကား တစ်စီးလျှင် (၁)သိန်း တောင်းခံသောကြောင့် ကုန်သည်များအနေဖြင့် ၄င်းတို့၏ကုန်ပစ္စည်းများ အရူံးမပေါ်စေရန် လမ်းခရီးတွင် ကုန်ကျသည့်ငွေကြေးအား ထည့်သွင်းရောင်းချသဖြင့် ကုန်ဈေးနှုန်းကြီးမြင့်မှုများဖြစ်ပေါ်လာခဲ့ ပါသည်။
KIAအဖွဲ့အနေဖြင့် ပြည်နယ်လွတ်မြောက်ရေးအကြောင်းပြကာ အစိုးရတပ်များအား စစ်ပွဲများဆင်နွှဲ       ရာတွင် ကချင်ပြည်နယ်အတွင်းရှိ ကျေးရွာများမှ တစ်အိမ်တစ်ယောက် လူသစ်စုဆောင်းခံကြရပါသည်။ ညဘက် များတွင် ရွာများအားလာရောက်ကာ အတင်းအဓ္ဓမလူသစ်စုခြင်းကြောင့် ရွာသားများသည် ညဘက်ရောက်လျင် တောင်ယာထဲသို့ သွားရောက်အိပ်ရပါသည်။ မလိုက်ပါက ကချင်လူမျိုး သစ္စာဖောက်ဟု စွပ်စွဲမှုများပြုလုပ်ကာ ပစ်သတ်ကြပါသည်။ ကချင်လူမျိုးကောင်းစားရေးဟု ဆိုသော်လည်း ကချင်လူမျိုးများမှာ ကောင်းစားမလာဘဲ ယခုလိုဖြစ်ရပ်များကြုံတွေ့နေရကာ KIA အဖွဲ့၏ လက်နက်ကိုင်အုပ်ချုပ်မှုအောက်တွင်  ဆင်းရဲဒုက္ခမျိုးစုံခံစား နေကြရပါသည်။
မြန်မာအစိုးရနှင့် KIAအဖွဲ့တို့၏တိုက်ပွဲများကြောင့် (၆)လအတွင်း မြန်မာအစိုးရထိန်းချုပ်မှုအောက် နယ်မြေများတွင် ဒုက္ခသည် (၁၅၀၀၀)ကျော်နှင့် KIO ထိန်းချုပ်သည့်ဒေသများတွင် ဒုက္ခသည် (၃၀၀၀၀)ကျော် ရှိခဲ့ပါသည်။ KIO ထိန်းချုပ်ရေးဒေသများဖြစ်သော လိုင်ဇာဒေသတွင် (၁၃၀၀၀)ကျော်၊ မိုင်ဂျာယန်ဒေသတွင် (၁၁၀၀၀)ကျော် ၊ ဆဒုံးဒေသ(တရုတ်-မြန်မာနယ်စပ်)တွင် ဒုက္ခသည် (၆၀၀၀)ကျော်ရှိပါသည်။ လိုင်ဇာမြို့ အတွင်းရှိဒုက္ခသည်များမှာ စားဝတ်နေရေးအခက်အခဲများအား KIOအဖွဲ့ချုပ်မှ ပြေလည်အောင်ဖြေရှင်းပေး နိုင်ခြင်းမရှိသည့်အတွက် တောင်းဆိုမှုများ ပြုလုပ်လျှက်ရှိပါသည်။ ကချင်ပြည်နယ်ဝန်ကြီးချုပ်မှ ဒုက္ခသည်များ အတွက် အထောက်အပံ့ပစ္စည်းများ ပေးအပ်ခဲ့သော်လည်း လက်ခံခဲ့ခြင်းမရှိသည့်အတွက် ဒုက္ခသည်များ၏ ဘ၀ကို ကြည့်ကောင်းကောင်းဖြင့် ကြည့်နေနိုင်သူများပင်ဖြစ်ပါသည်။
ဒုက္ခသည်များအား ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းများမှ ငွေကြေးထောက်ပံ့မှုများ လုံလုံလောက်လောက် ပြုလုပ်နေသော်လည်း  ဒုက္ခသည်များလက်ဝယ်သို့ အကူအညီများအပြည့်အ၀ မရရှိခဲ့ကြပါ။ ကချင်လွတ်မြောက် ရေးအဖွဲ့ KIA ခေါင်းဆောင်များ၏ ချုပ်ချယ်ကွပ်ကဲမှုကြောင့် ဒုက္ခသည်များသည် အစားဆင်းရဲ၊အနေဆင်းရဲဖြင့် နေကြရပါသည်။ KIA ခေါင်းဆောင်ပိုင်းများအား ရသမျှစုဆောင်းပြီး အပွကြံနေကြသူများဟုလည်း ပြောဆိုနေကြ ပါသည်။ လက်နက်အားကိုးဖြင့် အနိုင်ကျင့်ခံနေရသည့် အသိဥာဏ်နည်းပါးသော ဒုက္ခသည်များ၏ဘ၀ကို စာနာမိ ပါသည်။
ကချင်ပြည်နယ်အတွင်းရှိစစ်ဘေးဒုက္ခသည်များ
 (၁၇-၁-၂၀၁၂)တွင် KIA အဖွဲ့မှ သွားလာခွင့်ပိတ်ထားသော ကာမိုင်း-လုံးခင်-ဖားကန့် နှင့် ကံပိုက်တီး ကားလမ်းများအား ငြိမ်းချမ်းရေးဆွေးနွေးမှုကြောင့် ပြန်လည်ဖွင့်လှစ်ပေးခဲ့သဖြင့် ကုန်ပစ္စည်းသယ်ယူပို့ဆောင် မှုများမှာ ပုံမှန်အတိုင်းဖြစ်ပေါ်လာကာ စားသောက်ကုန်ပစ္စည်းဈေးနှုန်းများ ပြန်လည်ကျဆင်းသွားသဖြင့်  ဒေသခံပြည်သူများအနေဖြင့် များစွာဝမ်းမြောက်နေကြပါသည်။
ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA)အတွင်းရှိ ခေါင်းဆောင်ကြီးများအနေဖြင့် အာဏာယစ်မူးကာ လက်နက်နှင့်ငြိမ်းချမ်းရေးလဲလှယ်ခြင်းအား ရှောင်လွဲပြီး ၄င်းတို့၏အကျိုးစီးပွာအတွက်သာ လုပ်ဆောင်နေခဲ့ ကြပါသည်။ ကချင်ပြည်နယ်အတွင်းရှိ ဒေသခံများ၏ အကျပ်အတည်း ၊ အခက်အခဲ ၊ လူနေမှုဘ၀နိမ့်ကျနေခဲ့ ရသည့် ဒုက္ခဆိုးများအား အနည်းငယ်မျှပင် စောင်းငဲ့မကြည့်ဘဲ ငြိမ်းချမ်းရေးလိုလားသယောင်ပြုလုပ်နေပြီး မိမိတို့၏အတ္တများကိုသာ ဦးစားပေးနေသော ကချင်လွတ်မြောက်ရေးတပ်ဖွဲ့(KIA)၏ လုပ်ရပ်များသည် ကချင် ပြည်နယ်သားများအပေါ် ငဲ့ညှာမှုမရှိသည်မှာ ပေါ်လွင်နေပါသည်။ ၄င်းတို့၏ အကျိုးစီးပွားအတွက် အာဏာ ယစ်မူးကာ လက်နက်ကိုင်အုပ်ချုပ်မှုအား မစွန့်လွှတ်ချင်သော အဖွဲ့အစည်းတစ်ခုသာဖြစ်ကြောင်း ကျိန်းသေ သတ်မှတ်ရတော့မည်ပင်ဖြစ်ပါသည်။ ကချင်ပြည်သူ/ပြည်သားများအနေဖြင့် ငြိမ်းချမ်းရေးအား အမှန်တကယ် ရရှိရန် ၀မ်းသာအားရကြိုဆိုနေချိန်တွင် KIA ခေါင်းဆောင်များသည် ငြိမ်းချမ်းရေးကိုအယောင်ပြပြီး ကိုယ်ကျိုး စီးပွားကို ရသမျှယူနေဦးမည်ဆိုသည်ကို ကချင်ပြည်သူ/ပြည်သားများ အားလုံးကို သိစေချင်ပါသည်။
                                                                   မောင်ကျောက်ခဲမှကူးယူဖော်ပြသည်။

နှလုံးသားလှတဲ့ မြန်မာ့တပ်မတော်သား ရဲဘော် ဇော်ဇော်



မှတ်မှတ်ရရလေးပေါ့ ။ စုမှူးသင်တန်းက ဆင်းတော့  တပ်ကို အပြန် ရန်ကုန်မှာ ဖြစ်ပျက်ခဲ့ တာလေးပါ….။အဲ့ နေက ကျနော် အိမ်(၁)ရက်ဝင်နေလို့  တပ်ကို ပြန်ဖို့ ရာနည်းနည်း နောက်ကျတာပါဆိုတာ (ပိုင်အိုနီးယား)မှာ ကားခဏရပ်တဲ့  အချိန် တပ်ရင်းမှူး အဘ ကို ဖုန်းနဲ့  သတင်းပို့ တော့  အရာရှိလူပျိုဆောင်က ထမင်းချက် ဇော်ဇော် ခွင့် ပြန်တာ ပြန်မေ၇ာက်သေးလို့  စိတ်ပူလို့  ရန်ကုန်မှာ ၀င်ကြည့် ခဲ့ ပါဦးဆိုတဲ့  နှုတ်မိန့် ကို ရရှိချိန်ပေါ့ …။

ဇော်ဇော်အိပ်ကိုသွားမယ်ဆိုပြီး ရန်ကုန် ကားကွင်းမှာ ဆင်းတယ်ဆိုရုံလေး လူတစ်ယောက်ကို လူအုပ်တွေဝိုင်းရိုက်လို့ ပေါ့  …။ရန်ကုန်ကို ကားဆိုက်ချိန်က စောလွန်းတယ်လေ ။မှောင်ရီပျပျ ဆိုတော့  ဘာအတွက်ရယ်ကြောင့်  ၊ဘယ်သူကို ရိုက်နေတယ်ဆိုတာ ကျနော် မသိဘူး။တခုခုဆိုတဲ့  စိတ်နဲ့  မဆိုင်သလို ခဏပဲလှည့် ကြည့် လိုက်မိတယ် ။ဒါပေမဲ့  လူလုံးလည်း မကွဲပါဘူးလေ။အောက်က တယောက်ကတော့  ဘာမှ ကို ပြန်မလုပ်နိင်ရှာဘူး..။နောက်တော့  အားရကျေနပ်ဟန်နဲ့  အဲလူတစုက ထိုးနှက်ကန်ကျောက်အပြီး ထွက်သွားတော့  ထိုးခံရတဲ့ သူက ခွေခွေလေး ထတောင်မထနိုင်ရှာဘူး။မိုးကလည်းဖျောက်တောက်တောက်နဲ့  လေ။မိုးရေထဲက သူ့ ကို ဘယ်သူမှ ထူပေးဖို့ စိတ်ကူးမရှိကြဘူး။ရန်ကုန်မြို့ ကြီးပြကြီး က လူတွေ အဲလိုစိတ်နဲ့ လားလို့ တောင် သူတွေးထင်နေမိတယ်။ဒါပေမဲ့  သူကလည်း ဆိုးပေနေလို့ လား ပေါ့ လိုလည်း ပြန်တွေးမိပြန်တယ်။ကားသမားတွေရဲ့ ရှောင်ကွင်းမောင်းနှင်သံကြားမှာ ဆဲဆိုသံတွေကလည်း ညံလို့ ပေါ့ …။
*************************************************************
သွားထူမယ်လုပ်တော့  ထိုးခံရတဲ့ သူက သူဟာသူထနေတယ် …။အမူးသမားဆိုလည်း ခက်ချေရဲ့ ။သူ့ အတွေးပင် မဆုံးလိုက်..။ထိုးခံရတဲ့ သူက တခြားဘက်ကို ပြေးထွက်သွားတာ ကို တွေ့ မြင်လိုက်ရတယ်။အော် ဘာမှတော့  မဆိုင် စိတ်ထဲမှာတော့  ဘာကြောင့် ဖြစ်ရတာလဲ ဆိုတာ တွေးနေမိတယ် ။လူကလည်း ခက်သားလား။မသိချင်နဲ့ ဆိုရင် သိချင်ပြန်ေ၇ာလေ…။ရန်ကုန်မှာလည်း အမျိုး မရှိတာ မို့  ကားကွင်းထဲက တည်းခိုးခန်းမှာပဲ သူအိပ်ရမည်ဖြစ်သည်။ကားပေါ်မှာ အိပ်ရတာ က ဘယ်လိုမှ အဆင်မပြေ။မော်လမြိုင် ကို ကူးဖို့ က ကားက ညနေမှ ၇ှိမှာဆိုတော့  နေ့ တပိုင်းတော့  ကောင်းကောင်း နားလို့ ရသေးသည်။
ဘေးနားက ရွှေမိုး တည်းခိုးခန်းမှာ ခဏ၀င်တည်းသည်။မနက် (၁၀)နာ၇ီလောက်မှ သူပြန်နိုးဖြစ်သည်။မနက်ေ၇ာက်တော့  အောက်က လက်ဘက်ရည်ဆိုင်မှာ မနက်စာစားဖို့  သူသွားတော့  မိုးလင်းတုန်းက အထိုးခံရသည် သူကိုပြန်တွေ့ သည်။သေချာတာပေါ့  သူ့ ရဲဘော် ။ဇော်ဇော်မှ ဇော်ဇော်။

********************************

လက်ဘက်ရည်ဆိုင်ထောင့် နားမှာ ခွက်တလုံးနှင့် ။ဒါဆို သူတောင်းစားနေတာပေါ့ ။
မောင်ဇော် ကျနော်လှမ်းခေါ်တော့  သူ့ က လှမ်းကြည့် သည်။

ဟာ………ဗိုလ်ကြီး …..သူ ကျနော်ထံ ပြေးလာပြီး ဖက်သည်။ ပြီးနောက် ရှိုက်ကြီးတငင်နဲ့  ငိုသည်။မျက်နှာက ဒဏ်ရာဒဏ်ချက်တွေနဲ့  ။
မောင်ဇော် မင်း …မင်း ဒါဆိုရင် မနက်က ထိုးခံရတာ မင်းပေါ့ …။
သူက ခေါင်းညိတ်ပြသည်။မော်ဇော် ရာ ငါ အနားမှာ ရှိရက်နဲ့ ကွာ ….။သူ့ ကျိတ်ခဲမရနိုင်ဖြစ်မိသည်။ဘာဖြစ်လို့ လဲ ငါ့ ကိုပြောစမ်း …မောင်ဇော်လို့ ဆိုတော့  ..။

***************************************

ဗိုလ်ကြီး ကျနော် အမေ နေမကောင်းဘူး..။ကျနော် အင်းဝဘဏ်က စုကြေးငွေက လည်း အမေ့ ဆေးဖိုးနဲ့ ကုန်ပြီ…။ပြန်ဖို့  လမ်းစရိတ်လည်းမရှိတော့ ဘူး။ခုလည်း တပ်က ကျနော်ကို တပ်ပြေးလို့  သတ်မှတ်တော့ မလား မသိဘူး ဗိုလ်ကြီးရာ။ကျနော်ခွင့် လွန်နေပြီ။ခုလည်း ကျနော် အလွန်မဟုတ်ပါဘူး။ခရီးသည်တွေရဲ့ အထုပ် အပိုးတွေကို စက်ဘီးနဲ့  ကားဂိတ်တွေလိုက်ပြောင်းပေးတာလုပ်နေတာ လေ။ခု န က ခရီးသည် တယောက်က ဒီနားလေးတင် သူ့ လိပ်စာက ။TAXI သမားက အဝေးကြီးဆိုပြီး ပိုက်ဆံ လိမ်တောင်းနေတာ ။ကျနော်ကလည်း ပိုက်ဆံ လိုနေတော့  အမရယ် ကျနော် စက်ဘီးနဲ့ လိုက်ပို့ ပါ့ မယ် ၁၅၀၀ ပဲ ပေးပါ။အမသွားချင်တာ ဒီနားလေးတင်ပါလို့ ပြောတာ ကို သူတို့  က ၀ိုင်းထိုးတော့ တာပဲဗိုလ်ကြီးရာ….။။

ကျနော် တော်တော်လေး စိတ်တိုသွားသည်။လုပ်ရက်လိုက်ကျလေခြင်း။မိုးေ၇တွေကလည်းစိုနေပြီ။မောင်ဇော်ကို ကော်ဖီပူပူလေးနဲ့  မုန့် ကျွေးသည်။တကယ်တော့  မောင်ဇော်လို့ ခေါ်တာ ကျနော် အကျင့် တခု ။ရဲဘော်တိုင်းကို ဘယ်တော့ မှ ရဲဘော်ဟု ကျနော် မခေါ်။တပည့် ဟုလည်း မသုံးနှုန်း။သူတို့  နာမည် ရှေ့ မှာ မောင်ထည့် ပြီး ကျနော်ခေါ်သည်။ဆရာများဆိုလျှင်တော့  ရှင်းသည်။ရာထူးနဲ့ ခေါ်ယုံသာ။နောက် ကျနော်တည်းခိုးခန်း ခေါ်သွားပြီး မောင်ဇော်ကိုေ၇ချိုးစေသည်။ကျနော် အ၀တ်တွေပေးဝတ်ပြီး သူ့  အိမ်ကို လိုက်ပို့ ရန်ပြောသောအခါ လိုလိုငှာငှာပင် ဖိတ်ခေါ်သည်။မောင်ဇော်အိမ်က မြောက်ဒဂုံမှာ ။စက်ဘီးတောင် အငှားဟုဆိုသည်။အိမ်လည်းေ၇ာက်တော့  သူ့  အမေ က စောင်လေးခြုံလို့  အဖျားတက်နေသည့်ဟန်။မောင်ဇော် အမ လင်မယားတော့ေ၇ာက်နေကြသည်။ကျနော်လည်း မောင်ဇော် က ခွင့် ရက်စေ့ နေပြီဖြစ်လို့  ပြန်ခေါ်သွားရမှာ ဖြစ်တဲ့ အကြောင်း ပြောပြရသည်။ပြီးနောက် ကျနော်တွင် လက်ကျန်ငွေ ၃ သောင်းခွဲထဲက ၂သောင်းကို ထားခဲ့ သည်။သူ့ အမေကလည်း ကျေးဇူးတွေ တင်လို့ ။မောင်ဇော် မျက်နှာကတော့  ဆိုဖွယ်ရာမရှိတော့ ။
မောင်ဇော် ကိစ္စလုံးပန်းနေသည့် နှင် ကားလက်မှတ်ဝယ်ဖို့  သူ့ မေ့ သွားသည်။ကားကွင်းရောက်တော့ အတော်လေး နောက်ကျလို့ နေပြီ။ဒါပေမဲ့  ဒီဘက်ကားတွေမှာ အမြဲတမ်း VIP ခုံချန်ထားလို့ တော်သေးသည်။သူသွားတော့ေ၇ှ့ ခန်း ၂ ခုံ ကမည်သူ့ မှ မယူသေး။ကားလက်မှတ်ဝယ်ပြီး ကားထွက်ဖို့ စောင့် နေလိုက်သည်။မောင်ဇော် က ဗမာလူမျိုး။ရုပ်ကတော့  အနည်းငယ်ကုလားဆန်သည်။ရှေ့ တန်းမှာ သိပ်အားကိုးရတဲ့ သူပေါ့ ။ကျနော်တပ်ခွဲက ပွိုင့်  မှာ ဆိုရင် အတော်စိတ်ချရတဲ့ သူလေ။ကျနော် သူ့ ကို တခြားရဲဘော်တွေထက် ပိုအားကိုးတယ်။အမြဲတမ်း ကျနော်ခိုင်းသမျှလည်း ဖြစ်အောင်လုပ်ပေးတဲ့ သူလေ။လုပ်ပေးတယ်ဆိုမှ ကျနော် က အုန်းသီး သိပ်ကြိုက်တာ။တပ်က လူပျိုဆောင်ရိပ်သာမှာ ဆို အုန်းပင်တွေ ပေါမှပေါ ။နေလည်ဘက် အုန်းရည် သောက်ချင်ရင်…ဒါမှမဟုတ် အုန်းခြစ်စားချင်ရင်မောင်ဇော်ရေ ဆိုတာ နဲ့  တဗုန်းဗုန်းနဲ့ ပေါ့ ။နောက်တန်းမှာလည်း အဲလို အားကိုးရတာ ။

ကားထွက်ခါနီးကျတော့  ပြသနာတက်သည်။ကောင်မလေးတယောက် လိုက်ဖို့  ကားလက်မှတ်မရတော့  ။သူတို့  အုပ်စု က (၁၅)ယောက်လောက်၇ှိသည်။ပျော်ပွဲစားလား တခုခုဖြစ်မည်။ကားထွက်ခါနီး အပေါ့  ခဏကျနော်သွား၊ ပြန်လာတော့  ဘယ်က ဘယ်လို ဖြစ်သည်မသိ မောင်ဇော်က ကျနော်ဆီလာပြီး

ဗိုလ်ကြီး ကျနော်လက်မှတ်က ယူပြီးသားလို့ ပြောနေတယ် ………..လို့  ကျနော်ကို လာပြောသည်။အာ…ငါကိုယ်တိုင်ဝယ်ထားတာ မင်းကလည်း…..

ဂိတ်မှာ သွားပြောတော့  ကားသမားက နှာ ကျ တဲ့  အဖြစ်။ခရီးသည်ရှားသလားလို့  ။မောင်ဇော်ကလည်း တကယ့်  နုံသည်။စာမတက်ပေမတက်ဆိုတော့ ။ကောင်မလေးတွေဘက်မှ အုပ်ထိန်းသူ အမျိုးသမီး အသက်(၃၅) ခန့်  က သူဆီ လာ အကူအညီတောင်းသည်။သူ ကလည်း ဘုတော ။ခရီးသည်ရှားသလားဗျာ။ဆိုတော့  ကျန်တဲ့ သူတွေက ဦးဇင်းတွေနဲ့ မိသားစုလိုက်ခရီးသည်တွေမို့ ပါတဲ့ ။ခရီးကလည်း မသွားမဖြစ်လို့ ပါဆိုတော့ ။ဘာလုပ်ရမယ် ကျနော်မသိ။နောက်ဆုံးတော့  ဦးဇင်းတပါးကို သူနဲ့  အတူ ထိုင်ပြီး ခုံပေးလိုက်ရသည်။မောင်ဇော်ကိုတော့ ကြားခုံလုပ်ပေးသည်။ကားအတော်လေးသွားမိတော့  ပြသနာက စတက်ပြန်သည်။မောင်ဇော်ကို သူတို့ နားမှာ ကြားခုံပေးထားခြင်းဖြစ်သည်။ကားသမားကို မောင်ဇော် က နံလို့ ဆိုပြီးလာပြောသည်။ဒီကုလားကို နေရာပြောင်းပေးပါဟု မိန်းကလေးတစ်ယောက်က လာပြောသည်။ဒေါသ က ထိန်းမရတော့  ။ခုံလည်းပေးထားရသေးတယ်။အကြောကလည်း မပြင်သေးဘူး။ပိုက်ဆံပေးလိုက်တာတောင် သူ့ ရဲဘော်က အနစ်နာခံထားတာ ကိုမှ မထောက်။စစ်သားဆို ကြည့် မရဘူးဆိုတဲ့  အသံလည်းကြားလိုက်ရသည်။ဘာမို့ လို့  VIP ခုံမှာ နေရာရတာလဲနှင့်  အတင်းအုပ်ခံနေရသည်။သတိတရပဲ။ဆေးရောင်စုံ အညိမ့်  ကားပေါ်မှာပြနေတာ ။တအုပ်လုံး ပွဲကျလို့  အတင်းပြောတဲ့  အသံတွေနဲ့ ။သူတို့  စစ်သားတွေကို စောင်းပြောနေမှန်းတော့ သိသည်။မခံနိုင်တော့  ။ကားလယ်လောက် ကြားမှာ မတ်တပ်ရပ်ပြီး လူမိုက်လုပ်လိုက်သည်။နောက်တော့  ပွစိသံတွေငြိမ်သွားသည်။မတက်နိုင်။လူလူခြင်း နိမ်သလိုလို ပြောတာ ကိုတော့  လက်မခံ။
နောက်တော့ မောင်ဇော်က ရှက်ရှက်နဲ့  ကျနော်နားလာထိုင်သည်။ကားရှေ့ နားလေးမို့  စပယ်ယာနဲ့  ထိုင်ခုံအပိုက မရှိ။အလယ်ကောင်မှာ ငုတ်တုတ်လေး။ဒေါသကထွက်ထွက်လာသည်။ပဲခူးရောက်တော့  ဗိုက်ကြီးသည် လင်မယားတက်လာသည်။မသွားမဖြစ်လို့ ဆိုကာ တောင်းပန်ပြီးလိုက်လာသည်။အလယ်ခုံက ဗိုက်ကြီးသည် မိန်းမ အတွက်ဖြစ်လာတော့ သူ့ ယောက်ျားက လည်း အလယ်ကောင်မှာ ငုတ်တုတ်လေး။ကံဆိုးပြီဟုတွေးလိုက်မိသည်။သူ မနေသာတော့  ။ သူ့ တို့ ထဲက တယောက်ကို ရှေ့ တက်ခိုင်းပြီး အလယ်ခုံနားမှာ အမျိုးသမီးယောက်ျားကို ထိုင်စေသည်။ကျနော်နဲ့ ဇော်ဇော်က ကားအနောက်မှာ ခုံကြားထဲ ၂ ယောက်သား။ကားပေါ်ပါလာတဲ့  (၃၅)ယောက်သော သူများက လုံးဝတုတ်တုတ်မလှုပ်ကြ။အိပ်နေသလိုလို မသိကျေးကျွန်ပြူသည်။

လမ်း မှတ်ပုံတင်စစ်တော့  မိန်းကလေးများအုပ်စုထဲမှ တယောက်က မှတ်ပုံတင်မပါခဲ့ ။မှတ်မှတ်ရရ ဘီးလင်းတံကား ပစ်ခတ်မှု့ အပြီး လုံခြုံရေးတွေ တင်းကျပ်လို့ ။ဂိတ်မှာ စစ်လို့ မပြီးတော့  ချေ။ကားက ဆက်မထွက်နိုင်တော့ ။သူ့ တာဝန်ခံပြောခါမှ အဆင်ပြေတော့ သည်။ဒါတောင် သူ့ လက်မှတ်က အဆစ်ပါကျန်ခဲ့ ရသေးသည်။ဒါနဲ့  ပြသနာက မဆုံးလိုက်။ကျိုက်ထို ကျော်ကျော်လေးကျတော့  ဗိုက်ကြီးသည် အမျိုးသမီးက မွေးချင်ပြန်သည် ဟု အော်နေပြန်သည်။တကားလုံးဆူညံသွားသည်။ကားသမား ဦးလေးကြီးက ဘာလုပ်ရမယ်မသိ။ကားကို လမ်းဘေးထိုးရပ်လိုက်ရသည်။ကျိုက်ထို ကို ပြန်မောင်းဖို့  ပြောတော့  မရတော့ ဆိုကာ အတင်းအော်နေပြန်သည်။နောက်မှ မောင်ဇော်က ကျနော်မွေးပေးမယ်ဟုဆိုကာ ကားလမ်းဘေးက အိမ်လေးမှာ အတင်းခေါ်သွားကြသည်။အဓိက ကတော့  ကျနော်နဲ့ မောင်ဇော် ။သူ့ ယောက်ျားနဲ့ ကားစပယ်ယာ၊နောက်ခရီးသည် ယောက်ျားကြီး (၁)ယောက် ။လမ်းဘေးက အိမ်ကလည်း အိပ်မောကျတုန်း ။တဒုန်းဒုန်းနဲ့ နိုးပြီး အကူအညီတောင်းရသည်။နိုးနေတုန်းမှာပဲ ဗွား ဆိုတဲ့  အသံတခု။ခြေထောက်တခုလုံး စိုရွှဲလို့ ။သွားပြီ။ဒါသူကြားဖူးနေကျစကားလုံး။ေ၇မွှာဆိုတာ တမ်းသိလိုက်ပြီ။အခန်းထဲထည့် ပြီး မကြာ မောင်ဇော်လက်စွမ်းနဲ့  ကလေးတယောက်ထွက်လာသည်။မောင်ဇော်က တပ်မှာ ဆေးခန်းအကူဆိုတာ သူမေ့ သွားခဲ့ သည်။အော် တော်သေးသည်။မောင်ဇော်ရှိလို့  မဟုတ်ရင် ကားပေါ်မှာ ဘယ်သူမှ အားကိုးစ၇ာမပါ။နောက် မောင်ဇော်နဲ့ ကျနော် အဲအိမ်က ရေနဲ့ ခြေထောက်လက်ဆေးသည်။အ၀တ်အစားတော့ လဲချိန်မရ။ထိုလင်မယားကိုလည်း ကားသမားနဲ့ ဘယ်လို ညှိလိုက်သည်မသိ အဲဒီအိမ်မှာပဲထားခဲ့ လိုက်သည်။

ထိုခါကျမှ ကားဆရာနဲ့  ကားပေါ်က တဖွဲ့ လုံး မောင်ဇော် ကို ၀မ်းပန်းတသာနဲ့ ကျေးဇူးတင်ကြသည်။ခေါ်ခေါ်ပြောပြောနဲ့  ဖြစ်လာကြသည်။

စိတ်ထဲကတော့  ဆရာမင်းသုဝဏ် ကဗျာလေးကို ပဲသတိရမိလိုက်သည်။
ကျေးပင် ကျေးရိုး ကျေးမျိုးဆွပ်မှ ကျေးဇူးတင်သည် လူအမျိုးတည်း
တဲ့ လေ………..။


မင်းသန့်   ရေးသားသည်။